ဒေါ်လာဈေးဂယက်ဖြင့် တက်ခဲ့သည့် ကုန်ဈေးနှုန်းများ ဒေါ်လာဈေးကျသော်လည်း ပြန်မကျသည့်ဒဏ် ပြည်သူများခံ​နေရ

0
393


ဒေါ်လာဈေး ရွှေဈေးနှင့်အမီ လိုက်တက်ခဲ့သည့် ကုန်ဈေး နှုန်းများမှာ ယခု ရွှေဈေးနှင့် ဒေါ်လာဈေး သိသိသာသာ ပြန်ကျခဲ့သော်လည်း ကုန်​စျေးနူန်းမှာပြန်လည်ကျဆင်းခြင်းမရှိဘဲ ဆက် လက်မြင့်တက်နေသည့်အပေါ် အခြေခံ ပြည်သူလူထုက ပြစ်တင်ညည်းညူမှုများ ရှိနေသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ဒေါ်လာဈေး အဆမတ န် မြင့်တက်ရာမှ စတင်ကာ ဆန်၊ ဆီ၊ ကြက်သွန် အပါအ ဝင် ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများပါ မြင့်တက်ခဲ့ခြင်း ဖြစ်ပြီးလက်ရှိအချိန်အထိ အခြေခံ ပြည်သူလူထုအတွက် အကြပ်ရိုက်စေသည့် ‌အခြေအနေတွင်သာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်းကဲ့သို့ တန်းမြင့်ဆန် တစ်အိပ်လျင် ကျပ် ၉၀၀၀၀ မှ ၁ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး ၊ ရိုးရိုး ပေါ်ဆန်းမွှေး တစ်အိပ်လျင် ၇၀၀၀၀ ကျပ် ဝန်းကျင်၊ မြောင်းမြ ပေါ်ဆန်း ထူးရှယ် (ထိပ်စ) တစ်အိပ်လျင် ၈၀၀၀၀ ကျပ် ၊ရှမ်းဆန် တစ်အိပ်လျင် ၉၅၀၀၀ ကျပ် ၊ ရက် (၉၀) ထူးရှယ် ဆန် တစ်အိပ်လျင် ၆၀၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းများ မြင့်တက်လျက် ရှိဆဲ ဖြစ်သည်။

“ကုန်ဈေးနှုန်းကတော့ အကုန်တက်နေတာပဲ ။ ကျတယ်ဆိုတာ မရှိဘူး ။ ငြုပ်သီးတောင် တစ်ပိဿာ သုံးသောင်းနား ကပ်နေပြီ ။ ဆီဈေး ၊ ဆန်ဈေး၊ တခြား အသီးအရွက်ဈေးတွေကအစ အကုန်တက်ကုန်တာလေ။ တစ်နေ့လုပ် တစ်နေ့စားသမားတွေ အကုန် ဒုက္ခရောက်ကုန်တာ။ မဝယ်လို့ကလည်း မဖြစ်ဘူးလေ၊ ဝယ်နေရတာပဲ” ဟု ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အခြေခံ လက်လုပ် လက်စား ပြည်သူတစ်ဦးက ပေါ်ပြူ လာနယူး(စ်) သို့ ပြောသည်။

လက်ရှိဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာလည်း တပိဿာလျင် ၉၀၀၀ ကျပ် ဝန်းကျင်၊ ကြက်သွန်နီ တစ်ပိဿာလျင် ၅၀၀၀ ကျပ် ဝန်းကျင်၊ ကြက်သွန်ဖြူ တစ်ပိဿာလျင် ၆၀၀၀ ကျပ်ဝန်းကျင်၊ ငြုပ်သီး တစ်ပိဿာ ၂၆၀၀၀ ကျပ်ဝန်းကျင် စသဖြင့် အသီးသီး ဈေးမြင့်တက်လျက်ရှိသည်။

အဆိုပါ ဈေးနှုန်းများမှာ ပြီးခဲ့သည့် လပိုင်းအတွင်းက ဒေါ်လာဈေး မြင့်တက်မှု ဂယက်အနေဖြင့် မြင့်တက်ခဲ့ရာမှ လက်ရှိ ဒေါ်လာဈေး ပြန်လည်ကျဆင်းလာသည့်တိုင် ပြန်မကျဘဲရှိနေသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများဖြစ်သည်။

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အမေရိကန် (၁) ဒေါ်လာ ငွေလဲနှုန်းမှာ (၂၉၀၀) ဝန်းကျင်အထိ ကျဆင်းလာပြီး ဆက်လက် ကျဆင်းနိုင်မည့် အရိပ်အ ယောင်များ မြင်တွေ့ရသော်လည်း ဈေးနှုန်း မြင့်တက်နေသည့် ကုန်ဈေးနှုန်း များအနေဖြင့် ရုတ်ချည်း ပြန်လည် ကျဆင်းသွားနိုင်မည့် အရိပ်အယောက်မတွေ့ရသေးကြောင်းလည်း ပြည်တွင်းရှိ စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ပြသည်။

” ဒေါ်လာဈေးက ထပ်ကျဖို့ မြင်နေရတယ်။ အလားတူပေါ့နော် ကားဈေးတွေ၊ ရွှေဈေးတွေလည်း တပါတည်း ပြန်ကျလာမယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းကတော့ ချက်ချင်းကြီး ဝုန်းကနည်း ကျဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ Market ရဲ့ သဘောသဘာဝပေါ့နော်။ ဝယ်လိုအားက ရှိနေပြီးသား ဖြစ်တယ်။ အခြေခံ ကုန်ဈေး နှုန်းဆိုတာက တက်ပြီးသွားရင် ပြန်ကျဖို့က အချိန်တော် တော် စောင့်ရတယ်ပေါ့နော်။ တချို့က မှေးပြီး ဒီအတိုင်း ရောင်းနေကြတာရှိတယ် ။ တချို့ကကျတော့ တက်ဈေးနဲ့ ဝယ်ထားပြီး ခုချိန်ထိ ရောင်းနေတာတွေရှိတာပေါ့။ ဆန်ဈေးနဲ့ ဆီဈေးတော့ ပြန်ကျလာနိုင်ချေရှိတယ်။ အသစ်တွေ ပေါ်လာတော့မယ်။ တချို့နေရာတွေမှာ ဆီထွက် သီးနှံတွေ ပေါ်နေပြီပေါ့နော်။ ကျန်တာတွေကတော့ တဖြေးဖြေး ကျလာမလားကို ကြည့်ရမယ်” ဟု ပြည်တွင်းရှိ ပို့ကု န် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူး (စ်) သို့ ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်း မြင့်မားနေမှုများကို ကုစားသည့် ရေတိုအစီအစဉ်များအ နေဖြင့် ဆန်စပါး လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်အသင်း၊ တိုင်းနှင့် ပြည်နယ် အာဏာ ပိုင်အဖွဲ့များနှင့် လုပ်ငန်းရှင် အသင်းအဖွဲ့များက ပြည် နယ်နှင့်တိုင်း အချို့တွင်  ဆန်၊ ဆီ ၊ ကြက်ဥ အစရှိသဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် တပိုင်တနိုင်လိုက်လံ ရောင်းချပေးမှုများလည်း ရှိနေသည်။

ယင်းကဲ့သို့ လိုက်လံရောင်းချပေးသော်လည်း တစ်အိမ် ထောင်လျင် ဆန် (၁) ပြည်၊ ဆီ (၅၀) သား၊ ကြက်ဥ (၁၀) လုံး စသဖြင့် ခွဲတန်းနှင့် ရောင်းချပေးခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းတို့ကြောင့် အဆင်မပြေမှုများရှိကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။

ဒေါ်လာဈေးနှုန်း မြင့်တက်မှုကို ထိန်း​ကြောင်းရန် ဈေးကွက်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကျော် အစိုးရက ထုတ်ချေး ပေးခဲ့ပြီး ဒေါ်လာဈေး ကျဆင်းသွားပါက အခြေခံကုန်ဈေးနှုန်းများလည်း ကျဆင်းသွားမည်ဟု ယူဆကြောင်း ဩဂုတ်လအတွင်းက ပြုလုပ်သည့် ပေါ် ပြူလာနယူး(စ်) နှင့် သီးသန့် မေးမြန်းမှုတွင် ဗိုလ် ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။

သို့သော် လက်ရှိအချိန်ထိ ကုန်ဈေးနှုန်း မြင့်တက်မှု ကြီး မြင့်နေသည့်အပေါ် အခြေခံပြည်သူလူထုက မေးခွန်း ထုတ်နေရသည့် အခြေအနေဖြစ်နေဆဲပင်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here