မန္တလေးတွင် တက္ကစီကားဆရာတစ်ဦး ကားလုယက်ခံခဲ့ရပြီး အသတ်ခံခဲ့ရ

0
429

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈)လမ်းထောင့်၊ လမ်းဘေးတွင် ယမန်နေ့ (အောက်တိုဘာ ၂)ညဦးပိုင်းက ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ တက္ကစီ ကားဆရာ ကိုပြည့် ဆိုသူ ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူ ကိုပြည့်သည် ယမန်နေ့အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက မန္တလေး မြို့တွင်း ဘုရားဖူးကားအငှား လိုက်သွားရာမှ အသတ်ခံရပြီး ကားလုယက်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ (၂၆) လမ်းနှင့် (၅၄) လမ်းအနီးရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူများသည် မန္တလေးမြို့တွင်း ဘုရားဖူးရန်ဟုဆိုကာ ကားငှားခဲ့သည့်အတွက်လိုက်ပါသွားရာမှ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး လူသတ်ပြီး ကားလုယက်သူများသည် ညပိုင်းတွင် လုယက်ထားသည့် ကားဖြင့် ဟိုတယ်ပြန်လာပြီး အထုပ်အပိုးများ ယူဆောင်ကာ ပြန်ထွက်သွားကြ‌ကြောင်း သိရသည်။

“CC/4268 ကားရော လူရောပျောက်သွားလိုပါ ၊အိမ်က အကိုကား taxi လိုက်သွားပါတယ်၊ မြို့တွင်း ဘုရားဖူးဆိုပီးငှါးသွားတာ အဆက်အသွယ်မရတော့လိုပါ ဖုန်းတွေရော စက်ပိတ်ထားပါတယ်၊ ဧည့်သည်တွေ တည်းခဲ့တဲ့ဟိုတယ်လိုက်စုံစမ်းတော့ CCTVမှတ်တမ်းမှာကားကို တခြားတစ်ယောက်ငှါးတဲ့သူကိုယ်တိုင်မောင်းလာပီး check out လုပ်သွားတာတွေ့ပါတယ်၊ အိမ်ကအကိုတော့ ကားမှာ မပါလာတော့ဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မနေ့ ည (၈) နာရီတွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈) လမ်းထောင့်၊ လမ်းဘေးတွင် ရင်အုံနှင့် ခြေသလုံး ထိုးသွင်းဒဏ်ရာအချို့ဖြင့် သေဆုံးနေသည့် အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိရသည့်အတွက် အလောင်းကို ဆေးရုံကြီး ရင်ခွဲရုံ ပို့ခဲ့သည်ဟု ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေး အသင်းက ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here