ထိုင်းတွင်ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့်မြန်မာများနှင့် နေရပ်ပြန်အလုပ်သမား (၁၇၈) ဦးကို မြန်မာသို့ပြန်လည်ပို့ဆောင်

0
296

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများနှင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၇၈ ဦးကို ယမန်နေ့ (အောက်တိုဘာ ၂) မွန်းလွဲပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပေးခဲ့သူများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၄၀ ဦး၊ အမျိုးသမီး ၃၈ ဦး စုစုပေါင်း (၁၇၃) ဦး ပါဝင်ပြီး၊ ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲ ပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်း ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိမရှိ ၊မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှု များဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center (၃)ခုတွင် အမျိုးသားအမျိုးသမီး သီးခြားစီခွဲခြားထားရှိအထူးကြပ်မတ်ကာ (၃)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး ရောဂါပိုး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here