နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှချေးငွေများ အချိန်မီ ပြန်ဆပ်ရန်နှင့် အောင်မြင်အောင် လုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ ပြောကြား

0
373

နိုင်ငံတော်က ထုတ်ချေးထားသော နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေများကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ပြန်ဆပ်ကြရန်နှင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာလ (၃) ရက်က ရန်ကုန်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက် စေရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ်အောင် မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစက အနေဖြင့် ကိုဗစ်ထိန်းချုပ်ကုသရေး ရန်ပုံငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် မတည်ကာ ကျပ်ငွေ ဘီလီယံ ၄၀၀ ကို ပြည်နယ်နှင့် တိုင်းအစိုးရများမှတဆင့် ခွဲတမ်းချကာ ထုတ်ချေးပေးနေခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးကဏ္ဍကို ပထမ ဦးစားပေးအနေဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်ပြီး မွေး မြူရေးကဏ္ဍသည် ဒုတိယ ဦးစားပေးဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝ ပေးသွင်းကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်တွင် လိုအပ်သည့် ပြည်တွင်းလည်ပတ်သုံးစွဲငွေများရှိပြီး ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများကို အတတ်နိုင်ဆုံး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်မှ ရရှိရန် ကျန်ရှိနေသည့် ချေးငွေများ ပြန်လည် ရရှိမည်ဆိုပါက ပိုမို ပြည့်ဝစွာ ထုတ်ချေးပေးနိင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here