ကျောက်မဲမြို့နယ်၌ ပြည်နှင်မည့် တရုတ်နိုင်ငံ သား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

0
277

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်၌ ပြည်နှင်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က အောက်တိုဘာ ၂ ရက်နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ယင်းနေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်က မန္တလေး တိုင်း၊သပိတ်ကျင်းမြို့နယ် လဝက ဦးစီးမှူးဦးထွန်းအောင်လှိုင်၊လက်ထောက် လဝက ကြီးကြပ်ရေးမှူးဦးနိုင်မိုးဇော်၊စဉ့်ကူးမြို့နယ် ဒု-လဝက ကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်မည့် တရုတ်နိုင်ငံသားများဖြစ်သည့် Pan Han Bing(၂၅)နှစ်၊ Lin Zhen Fen(၂၅)နှစ်၊ Yang Jun Feng(၃၂)နှစ်၊ Liu Fei Feng(၂၅)နှစ်၊ Sheng Bao(၂၄)နှစ်၊ Bin(၂၂)နှစ်၊ Zhouli (၂၃)နှစ်တို့ အား လားရှိုးမြို့ရှိ ဒု-ပြည်နယ် လဝက ရုံးသို့ ပို့ဆောင်ရန် ဦးဝင်းရွှေ မောင်းနှင်သည့်“ချမ်းသာအောင်”ခရီးသည်တင်ကားဖြင့် ထွက်ခွာလာခဲ့သည်။

နံနက် ၁၀နာရီခန့်တွင် ကျောက်မဲမြို့နယ်၊လွယ်ခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၁၄/၆ အရောက် လက်ပစ်ဗုံးကိုင်ထားသည့် လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ကားအား ရပ်တန့်ခိုင်းခဲ့ကာ ကားနှင့်အတူတောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

တောလမ်းတစ်နေရာအရောက်တွင် ဦးအောင်ထွန်းလှိုင်၊ဦးနိုင်မိုးဇော်၊ဦးကျော်စိုးခိုင်နှင့်ဦးခိုင်ဇော်မျိုး တို့အား ပြန်လွှတ်ပေးခဲ့၍ ဦးခိုင်ဇော်မျိုးနှင့်ဦးနိုင်မိုးဇော်တို့သည် နောင်ချိုမြို့နယ် လဝက ရုံး၊ ဦးထွန်းအောင်လှိုင်နှင့်ဦးကျော်စိုးခိုင်တို့သည် ကျောက်မဲမြို့နယ် လဝက ရုံးတို့သို့ကားကြုံဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။

ဖြစ်စဉ်တွင် ပြည်နှင်မည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင်သွားသည့် လက်နက်ကိုင်အဖွဲ့ဝင်များအား ဖမ်းဆီးအရေးယူနိုင်ရန်နှင့်တရုတ်နိုင်ငံသားများအား ရှာဖွေကယ်ဆယ်နိုင်ရန် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here