စစ်ပွဲကြောင့် ယူကရိန်းရှိ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတန်ဖိုး ကန်ဒေါ်လာ ၃၅ ဘီလီယံရှိဟု ယူကရိန်းခန့်မှန်း

0
238

ဘရပ်ဆယ်၊ အောက်တိုဘာ ၄

ရုရှား-ယူကရိန်းအရေးအခင်းကြောင့် ယူကရိန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှာ ယူရို ၃၆ ဘီလီယံ (ကန်ဒေါ်လာ ၃၅ ဒသမ ၃ ဘီလီယံ) ဝန်းကျင်ခန့် ရှိကြောင်း ယူကရိန်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးက အောက်တိုဘာလ ၃ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ထိုအရေးအခင်းကြောင့် ယူကရိန်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ၏ ငါးပုံတစ်ပုံသည် ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကာ ပတ်ဝန်းကျင်ပျက်စီးမှုပေါင်း နှစ်ထောင်ခန့်ကိုလည်း မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး Ruslan Strilets က ပြင်သစ်နိုင်ငံ၊ စထရာ့စ်ဘတ်မြို့ရှိ အီးယူ ပါလီမန်၏ ကြားနားမှုတစ်ခုတွင် ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရ၏ ခန့်မှန်းချက်အရ ယူကရိန်း၌ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုဆိုင်ရာ ပျက်စီးမှုတန်ကြေးမှာ ယခုအချိန်အထိ ယူရို ၂၅ ဘီလီယံခန့်ရှိပြီး မြေဆီလွှာပျက်စီးမှုမှာ ယူရို ၁၁ ဒသမ ၄ ဘီလီယံ ရှိသည်ဟု သိရသည်။

ခုနှစ်လကြာမြင့်ပြီဖြစ်သော အဆိုပါ အရေးအခင်းတစ်ခုတည်းတွင် ထုတ်လွှတ်ခဲ့သော ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန်မှာ ၃၁ သန်းရှိနေပြီး နယူးဇီလန်နိုင်ငံ၏ နှစ်စဉ်ထုတ်လွှတ်မှု ပမာဏနှင့် အကြမ်းဖျင်း တူညီနေသည်ဟု Strilets က ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်ရန် ယူကရိန်းအစိုးရက ချမှတ်ထားသော တွက်နည်းအသစ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ထို့အပြင် စစ်ပွဲအတွင်း ပျက်စီးသွားသော အခြေခံအဆာက်အဦများနှင့် လူနေအိမ်ခြေများ ပြန်လည်တည်ဆောက်သောအခါ နောက်ထပ်ဖန်လုံအိမ် တန်ချိန် ၇၉ သန်း ထုတ်လွှတ်နိုင်သည်ဟု ၎င်းကဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here