ရွှေကျင် သီတင်းကျွတ်မီးမျှောပွဲတော် ကျင်းပမည်

0
552

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ဂုဏ်ဆောင် သီတင်းကျွတ်မီးမျှောပူဇော်ပွဲအား ယခုနှစ်တွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ 

ရှေးဘိုးဘွားများက ဦးဆောင်ပြီး ၁၂၁၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့ကာ သီတင်းကျွတ်မီးမျှောပူဇော်ပွဲသည် နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကာ (၂၀၂၀၊၂၀၂၁) ခုနှစ်များတွင် Covid-19 ရောဂါဖြစ်ပွားမှုများ မြင့်မားချိန်တွင် အစဉ်အလာမပျက် (အကျဉ်းချုံး)ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း Covid – 19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့်  စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ မီးမျှောပူဇော်ပွဲတော်ကျင်းပရန် တောင်ဘက်တံတားအောက်ဘက်ချောင်းမြေပေါ်တွင် ပွဲတော်ကွင်းအဖြစ်ဆောင်ရွက်ထားပြီး၊ ကလေးကစားကွင်း၊ ဆိုင်ခန်းများ၊ အခမဲ့ဇာတ်ပွဲ၊ အလှခတ်ခြင်းဝိုင်းများပါရှိမှာဖြစ်ကာ သီတင်းကျွတ်မီးမျှောပွဲအထိမ်းအမှတ်အဖြစ် (၄) မြို့နယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၊အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အသက်(၁၆)နှစ်အာက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများလည်း ကျင်းပနေကြောင်း၊ သီတင်းကျွတ်မီးမျှောပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၃) ရက်မှ သီတင်းကျွတ်လပြည့် ကျော် (၁) ရက် ‌(အောက်တိုဘာ ၇ မှ ၁၀) အထိ (၄)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်သည်။

မီးကြာခွက်မျှောခြင်းကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက် (အောက်တိုဘာ ၁၀) ညနေ ၆ နာရီဝန်းကျင်ခန့်မှ စတင်မျှောမည်ဖြစ်ပြီး ယခုနှစ်ကျင်းပသည့် မီးမျှောပူဇော်ပွဲတော် (၁၇၁)နှစ်မြောက်ရှိပြီးဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ 

ပုံစာ – ၂၀၁၉ ခုနှစ်က စည်ကားစွာကျင်းပခဲ့သော ရွှေကျင် သီတင်းကျွတ်မီးမျှောပွဲတော်

ဓာတ်ပုံ – Moe Photo & Video Production


LEAVE A REPLY

Please enter your comment!
Please enter your name here