အီလွန်မက်စ်က  တရုတ်-ထိုင်ဝမ်အရေး ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအား အကြံပြုလာ

0
236

ဝါရှင်တန်၊ အောက်တိုဘာ ၈

ဘီလျံနာသူဌေးကြီး အီလွန်မက်စ်သည် ထိုင်ဝမ်၏ အုပ်ချုပ်ခွင့် အာဏာအချို့ကို ပေကျင်းအစိုးရသို့ လွှဲပြောင်းပေးခြင်းဖြင့် တရုတ်နှင့် ထိုင်ဝမ်ကြားရှိ တင်းမာမှုများကို ဖြေရှင်းနိုင်ကြောင်း အကြံပြုခဲ့သည်။

ယူကရိန်းထံမှ ဝေဖန်မှုများစွာ ရရှိခဲ့သော ရုရှားနှင့် ယူကရိန်းကြားရှိ အရေးအခင်းကို အဆုံးသတ်စေနိုင်မည့် သဘောတူညီချက်တစ်ရပ်ကို မက်စ်က အဆိုပြုခဲ့ပြီးနောက် ရက်အနည်းအကြာတွင် ယင်းကဲသို့ အကြံပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်အကြံပြုချင်တာကတော့ ထိုင်ဝမ်အတွက် အထူးစီမံအုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ပြုလုပ်ပေးဖို့ပါပဲ၊ ဒါဟာ လက်ခံလို့ရလောက်တဲ့ အကြံဖြစ်ပေမယ့်လို့ လူတိုင်းကိုတော့ ကျေနပ်စေမှာ မဟုတ်ပါဘူး” ဟု အောက်တိုဘာလ ၇ ရက် (မနေ့)က ထုတ်ဝေခဲ့သည့် ဖိုင်နန်ရှယ်တိုင်းမ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မက်စ်က ပြောကြားခဲ့သည်။ 

ပေကျင်းသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသော ထိုင်ဝမ်အား ၎င်း၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်အား ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာအောင် ပြုလုပ်မည်ဟု ကတိပြုထားကာ လိုအပ်ပါက စစ်တပ်ကိုပင် အသုံးပြုသွားမည် ဖြစ်သည်။

“ကျွန်တော်ရဲ့ အကြံပြုချက်ဟာ ဖြစ်လာနိုင်ပါတယ်၊ ပြီးတော့ ဟောင်ကောင်ကို ပေးထားတဲ့ အုပ်ချုပ်မှုစနစ်ထက် ပိုကောင်းတဲ့ သဘောတူညီချက်ကိုတောင် ရနိုင်တယ်လို့ ထင်ပါတယ်” ဟု မက်စ်က ဆိုသည်။

တရုတ်သည် ဟောင်ကောင်ကို ပေးအပ်ထားသည့် “တစ်နိုင်ငံ၊ စနစ်နှစ်ခု” နှင့်ဆင်တူသည့် အုပ်ချုပ်မှုစနစ်အား ထိုင်ဝမ်ထံ ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။

ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မက်စ်၏ အကြံပြုချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။ 

သို့ရာတွင် ဒေသတွင်း လုံခြုံရေးဆိုင်ရာ စီမံချက်များ ရေးဆွဲရာတွင် ပါဝင်သည့် ထိုင်ဝမ်အကြီးတန်း အရာရှိက မက်စ်သည် ကြောင်းကျိုးဆီလျော်အောင် တွေးခေါ်တတ်သော နိုင်ငံရေးအကြံပေး ရှာဖွေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here