အင်ဒိုဘောလုံးကွင်းအရေးနှင့်ပတ်သက်၍ FIFA က ပိတ်ဆို့အရေးယူမှုများချမှတ်မည်မဟုတ်–အင်ဒိုသမ္မတ

0
212

ဂျကာတာ၊အောက်တိုဘာ ၇

ပြီးခဲ့သည့်သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၁ ဦးသေဆုံးခဲ့ရသည့် အားကစားကွင်းအတွင်း လူအုပ်ပြိုကျမှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA အနေဖြင့် အင်ဒိုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်မဟုတ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက သောကြာနေ့တွင်ပြောကြားခဲ့သည်။

သမ္မတပေးပို့သောဗီဒီယိုမက်ဆေ့ချ်တွင် ၎င်းကဘောလုံးပွဲများကိုစီမံခန့်ခွဲရာတွင် ပိုမိုကောင်းမွန်လာစေရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နှင့် အင်ဒိုနီးရှားတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဂျီယန်နီအင်ဖန်တီနိုသည်လည်း အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် အင်ဒိုသို့လာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗားရှိ မာလန်းဒေသတွင် ပြီးခဲ့သည့်စနေနေ့ကဖြစ်ပွားခဲ့သော လူအုပ်ပြိုကျမှုသည် ကမ္ဘာ့အဆိုးရွားဆုံး အားကစားကပ်ဘေးတစ်ခုဖြစ်ခဲ့ပြီး လူပေါင်း ၁၃၁ ဦးသေဆုံးရသည်အထိဖြစ်ခဲ့သည်။ကစားကွင်းအတွင်းဆူပူမှုဖြစ်စဉ် ရဲများ၏မျက်ရည်ယိုဗုံးသုံးလူစုခွဲမှုကြောင့် ကစားကွင်းအတွင်းမှထွက်ပြေးရန် ကြိုးပမ်းကြရာမှအချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ် Listyo Sigit Prabowo က ပွဲစီစဉ်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူအချို့အားစွဲချက်တင်နိုင်ကြောင်း ပြောကြားခဲ့သည်။၎င်းတို့အား ရာဇဝတ်မကင်း သောပေါ့ဆမှုဖြင့် စွဲချက်တင်နိုင်ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းပြောကြားခဲ့သည်။

အဆိုပါသံသယရှိသူများတွင် မျက်ရည်ယိုဗုံးအသုံးပြုမှုနှင့်ပတ်သက်၍ ရဲအရာရှိသုံးဉီး၊ပွဲဖြစ်မြောက်ရေးကော်မတီအကြီးအကဲနှင့် Arema FC ၏ လုံခြုံရေးအရာရှိချုပ်တို့ပါဝင်သည်ဟုသိရှိရသည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here