မက္ကဆီကို၌ ကျောင်းသား ၅၀ ကျော် ထူးဆန်းစွာ အဆိပ်သင့်

0
291

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ချီအာပတ် ပြည်နယ်ရှိ ကျေးလက် အလယ်တန်း ကျောင်းတစ်ကျောင်းတွင် အမည်မသိ ဓာတုပစ္စည်းတစ်ခုကြောင့် ကျောင်းသား ၅၇ ဦး အဆိပ်သင့်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ အောက်တိုဘာလ ၇ ရက် သောကြာနေ့တွင် ဖြစ်ပွားခဲ့ပြီး ချီအာပတ် ပြည်နယ်ရှိ ကျောင်းများ၌ နှစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့် တတိယအကြိမ်မြောက် အဆိပ်သင့်မှုဖြစ်သည်။ 

Bochil ကျေးလက်ဒေသရှိ ဆယ်ကျော်သက် ကျောင်းသား ၅၇ ဦးသည် အဆိပ်သင့်သည့် လက္ခဏာများနှင့်အတူ ဒေသဆိုင်ရာဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း မက္ကဆီကို လူမှုဖူလုံရေးအသင်းအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

စိုးရိမ်ဖွယ်အခြေအနေရှိသည့် ကျောင်းသားတစ်ဦးကို မက္ကဆီကို မြို့တော်ရှိ ဆေးရုံတစ်ခုသို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ကျောင်းသားများ၏ အခြေအနေမှာ မစိုးရိမ်ရကြောင်း ၎င်းအသင်းအဖွဲ့က ဆိုသည်။

ကျောင်းသားများသည် ညစ်ညမ်းသောရေ သို့မဟုတ် အစားအစာများကို စားသုံးမိရာမှ အဆိပ်သင့်သည်ဟု  မိဘအချို့က ယုံကြည်နေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

“ဒီဖြစ်ရပ်တွေကြောင့် ကျွန်တော်တို့ ဒေါသထွက်ရပါတယ်” ဟု Bochil ကျေးရွာခေါင်းဆောင်များက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းတို့သည် ပြည်နယ်အစိုးရရှေ့နေ၏ စုံစမ်းစစ်ဆေးမှုတွင်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

အဆိပ်သင့်ကျောင်းသားများတွင် ကိုကင်း သုံးစွဲထားသည့် လက္ခဏာ စစ်ဆေးတွေ့ရှိရသည် ဟူသော သတင်းများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြည်နယ်အစိုးရရှေ့နေရုံးက ၎င်းတို့သည် အဆိပ်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့ရာ တရားမဝင် မှုးယစ်ဆေးဝါး သုံးစွဲထားသည့် လက္ခဏာ မတွေ့ရှိရကြောင်း စနေနေ့ (မနေ့)က ပြောကြားခဲ့သည်။

သို့ရာတွင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုတစ်ခု၌ ဖခင်တစ်ဦးက သူ့သမီးနှင့်အတူ အခြား ကျောင်းသားများပါ ပုဂ္ဂလိကဓာတ်ခွဲခန်းတစ်ခုတွင် စစ်ဆေးခဲ့ရာ ကိုကင်း သုံးစွဲထားသည့် လက္ခဏာတွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here