အိန္ဒိယ၏ရုရှားရေနံတင်သွင်းမှု ငါးဆခုန်တက်ကာစစ်ပွဲအတွက်အထောက်အကူဖြစ်စေခဲ့

0
282

တိုကျို၊အောက်တိုဘာ ၁၀

မော်စကိုကယူကရိန်းကိုကျူးကျေိာ်ကတည်းက ရုရှားလောင်စာဆီများ ကို အမေရိက၊ဥရောပနှင့် ဂျပန်တို့ထံ တင်ပို့မှု သိသိသာသာကျဆင်းလာသော်လည်း တရုတ်နှင့်အိန္ဒိယသို့ ရုရှား၏ရုပ်ကြွင်းလောင်စာဆီတင်ပို့မှုများ သိသိသာသာမြင့်တက်လာခဲ့ကာ ခရင်မလင်၏စစ်အင်အား ကိုပြန်လည်ဖြည့်တင်းရန် ကူညီပေးသကဲ့သို့ဖြစ်နေသည်။

ဖေဖော်ဝါရီ၊မတ်လတို့နှင့်နှိုင်းယှဉ်ပါက ဇူလိုင်လမှဩဂုတ်လအတွင်း ရုရှား၏စွမ်းအင်တင်ပို့မှုတန်ဖိုးသည် ၁၇ ရာခိုင်နှုန်း (သို့) ယူရိုသန်း ၃၀ (ဒေါ်လာ ၂၉ သန်း) အထိတိုးမြင့်လာခဲ့သည်ဟု ဖင်လန်ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်သည့် စွမ်းအင်နှင့်သန့်ရှင်းသောလေထုဆိုင်ရာ သုတေသနစင်တာမှ ကိန်းဂဏန်းခွဲခြမ်းစိတ်ဖြာမှုအရသိရသည်။ကျောက်မီးသွေးတင်ပို့မှုသည်လည်း ၅၃ ရာခိုင်နှုန်းခုန်တက်ခဲ့ပြီး ရေနံတင်ပို့မှု ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

အလားတူကာလအတွင်း အိန္ဒိယသို့တင်ပို့မှုမှာ ၅ ဒသမ ၇ အဆင့် (သို့) ယူရိုငွေ သန်း ၄၀ အထိတိုးလာခဲ့ပြီး ကမ္ဘာပေါ်တွင်အကြီးမားဆုံးပမာဏထိ ဖြစ်လာခဲ့သည်။အိန္ဒိယကုန်သွယ်မှုစာရင်းဇယားများအရ ၂၀၂၁ ခုနှစ်တွင် ရုရှားသည် အဆင့် ၁၀ နေရာမှတင်ပို့နေရာမှ ဇွန်လ၌အိန္ဒိယအတွက် ဒုတိယအကြီးဆုံးရေနံစိမ်းတင်သွင်းသူဖြစ်လာခဲ့သည်။

ဇူလိုင်လနှင့်ဩဂုတ်လတွင် ရုရှား၏နေ့စဉ်ရေနံ၊ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ဖေဖော်ဝါရီလနှင့် မတ်လကထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ပိုက်လိုင်းမှတစ်ဆင့်ပို့လွှတ်သော သဘာဝဓာတ်ငွေ့ ၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် ရေနံထွက်ပစ္စည်း ၃၄ ရာခိုင်နှုန်းကျဆင်းကာ ကျောက်မီးသွေးလည်း ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။သို့သော်တစ်ဖက်တွင်မူ ရေနံစိမ်းတင်ပို့မှုသည် ၁၉ ရာခိုင်နှုန်းအထိတိုးလာခဲ့သည်။

စွမ်းအင်သည်ရုရှားအတွက် အဓိကကျသောစက်မှုလုပ်ငန်းဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့သည် အစိုးရဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။ယူကရိန်းစစ်ပွဲအတွက် ငွေကြေးထောက်ပံ့မှုမရနိုင်စေရန် အမေရိက၊ဂျပန်နှင့်ဥရောပသမဂ္ဂတို့သည် ရုရှား၏ရေနံနှင့်ကျောက်မီးသွေးအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ချမှတ်ခဲ့သည်။

နောက်ဆက်တွဲအနေဖြင့် ရုရှား၏ရုပ်ကြွင်းလောင်စာဆီ အီးယူသို့တင်ပို့မှု ၃၅ ရာခိုင်နှုန်းကျဆင်းသွားသည်။အမေရိကနှင့်ယူကေသို့တင်ပို့မှုတို့မှာလည်း အကြမ်းဖျင်းအားဖြင့် ၉၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဂျပန်တွင် ၇၀ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းခဲ့သည်။ယင်းနိုင်ငံများသို့တင်ပို့မှုကျဆင်းမှုသည် တစ်နေ့လျှင်ယူရိုသန်း ၂၅၀ ခန့်တန်ဖိုးရှိသည်ဟုသိရှိရသည်။

သို့သော်ရုရှား၏ စွမ်းအင်တင်ပို့မှုအလုံးစုံကျဆင်းမှုသည် ပိတ်ဆို့အရေးယူမှုတွင်မပါဝင်သည့် တရုတ်နှင့်အိန္ဒိယကဲ့သို့သောနိုင်ငံများသို့ လျှော့ဈေးဖြင့်ရောင်းချရန် ရုရှားက အောင်မြင်‌ေအာင်ကြိုးပမ်းနိုင်ခဲ့သဖြင့် ယူရိုသန်း ၁၇၀ ခန့်ပြန်တက်လာခဲ့သည်။အရှေ့အလယ်ပိုင်းသို့ တင်သွင်းမှုကိုလည်းတိုးချဲ့နိုင်ခဲ့သည်။

တူကီယေးသို့တင်ပို့မှုတန်ဖိုးလည်း ၂၀ ရာခိုင်နှုန်းခန့်တိုးမြင့်လာသည်။တူကီယေးသည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုကိုဝေဖန်ခဲ့သော်လည်း စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍မူ သတိဖြင့်ဆောင်ရွက်လျက်ရှိသည်။

အမေရိကဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်ကမူ ရုရှားသည် တက်သစ်စနိုင်ငံများအတွက် ရေနံကိုဈေးအကြီးအကျယ်လျှော့ရောင်းနေပြီး အများစုသောနိုင်ငံများသို့ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရောင်းပေးနေကြောင်း သူကအတည်ပြုခဲ့သည်။အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကလည်း ရုရှားရေနံတင်သွင်းမှုကို ယတိပြတ်ငြင်းဆိုထားခြင်းမျိုးမရှိဘဲ “ရွေးချယ်စရာတွေကို ကျွန်တော်တို့အမြဲတမ်းစောင့်ကြည့်နေပါတယ်” ဟု Financial Times သို့ပြောကြားခဲ့သည်။

ရုရှားဘဏ္ဍာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဘဏ္ဍာရေးပိုငွေ ရူဘယ် ၁ ဒသမ ၃၇ ထရီလီယံ (ဒေါ်လာ ၂၁ ဒသမ ၉ ဘီလီယံ) အထိရှိခဲ့ကြောင်းသိရှိရသည်။သို့သော် အဆိုပါပမာဏသည် ဩဂုတ်လအထိ တစ်နှစ်တာကာလတွင် ရူဘယ် ၁၃၇ ဘီလီယံအထိလျော့နည်းနေသေးသည်။

Source :Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here