ခရီးသွားလုပ်ငန်းအရှိန်မြှင့်တင်ရန်ရည်ရွယ်လျက် ဂျပန်၌နယ်စပ်ထိန်းချုပ်မှုများဖျက်သိမ်း

0
201

တိုကျို၊အောက်တိုဘာ ၁၁

ဂျပန်နိုင်ငံ၌ ကိုဗစ်ကြောင့်နယ်စပ်ထိန်းချုပ်ထားခြင်းများကိုဖြေလျှော့ပေးလိုက်ပြီး ပြည်တွင်းခရီးသွားကဏ္ဍကိုပြန်လည်အသက်သွင်းရန် ကြိုးပမ်းလျက် နေ့စဉ်လူဦးရေဝင်ရောက်ခွင့်ကန့်သတ်ချက်များ၊ တစ်ဦးတည်းသွားလာခွင့်ပိတ်ပင်ချက်များအပါအဝင် ကြိုတင်စီစဉ်ထားခြင်းမရှိသည့် ခရီးစဉ်များကိုပါ ယနေ့အောက်တိုဘာလ ၁၁ ရက် အင်္ဂါနေ့တွင်ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

နေ့စဉ်ပြည်ဝင်ခွင့်အား လူဦးရေ ၅၀,၀၀၀ အထိသတ်မှတ်ထားခြင်းအပါအဝင် ဧည့်လမ်းညွှန်များနှင့်သွားရသည့် ပက်ကေ့ချ်ခရီးစဉ်များကိုလည်း ရုပ်သိမ်းပေးတော့မည်ဖြစ်သည်။ထို့အပြင် ကပ်ရောဂါမတိုင်မီက ဂျပန်နိုင်ငံနှင့်စွန့်လွှတ်မှုသဘောတူညီချက်ရရှိထားသည့် နိုင်ငံသူနိုင်ငံသားများဖြစ်ပါက ထိုနိုင်ငံသားဧည့်သည်များအနေဖြင့် ဗီဇာလိုအပ်ချက်ကိုရုတ်သိမ်းပေးတော့မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

နယ်စပ်ထိန်းချုပ်မှုများကိုဖြေလျှော့ခြင်းသည် “ယန်းငွေအားနည်းနေချိန်မှာ ဂျပန်နဲ့အခြားနိုင်ငံတွေကြား နိုင်ငံတကာဖလှယ်မှုတွေ ပိုမိုလွယ်ကူချောမွေ့လာစေပါလိမ့်မယ်၊ပြီးတော့ ဂျပန်ရဲ့လူမှုစီးပွားလှုပ်ရှားမှုတွေအတွက်လည်း အကျိုးရှိစေပါလိမ့်မယ်” ဟု အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟီရိုကဇု မာဆုနို ကပြောကြားခဲ့သည်။

“ဒီအစီအစဉ်တွေကနေတစ်ဆင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ တိုးလာဖို့၊ကပ်ရောဂါကြောင့်ကြုံတွေ့နေရတဲ့ ဝယ်လိုအားပြန်လည်ရှင်သန်လာဖို့နဲ့ဒေသတွေကိုပြန်လည်အသက်ဝင်လာစေဖို့ ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်” ဟု ထိပ်တန်းအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

နယ်စပ်ထိန်းချုပ်မှုလျှော့ချခြင်းနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုများကိုရည်ညွှန်းလျက် “ဒါဟာခရီးသွားလုပ်ငန်းအတွက် အထင်ကရနေ့တစ်နေ့ပါပဲ” ဟု ခရီးသွားဝန်ကြီး တဲဆူအို ဆအိတို က သီးခြားသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏နယ်စပ်ထိန်းချုပ်မှုများသည် တင်းကြပ်လွန်းပြီးအချိန်ကာလကြာမြင့်လွန်းသဖြင့် ပြည်တွင်းပြည်ပ၏ဝေဖန်မှုများခံနေရပြီး ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါကလည်း အခြားသော ဂျီဆဲဗင်းနိုင်ငံများနည်းတူ ဝင်ခွင့်လုပ်ငန်းစဉ်အား ဖော်ဆောင်သွားမည်ဟုကတိပြုထားသည်။

ယခုအခါပြည်ဝင်ခွင့်လုပ်ထုံးလုပ်နည်းများသည် ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ထားပြီး ဝင်ရောက်လာသူခရီးသွားများအား ၎င်းတို့နေထိုင်ရာဒေသ၏ ကိုဗစ်အန္တရာယ်အခြေအနေအပေါ်မူတည်ပြီး ခွဲခြားခြင်း၊ခရီးသွားများအနေဖြင့် ကာကွယ်ဆေးအကြိမ်ရေပြည့်ထိုးနှံထားကြောင်းထောက်ခံစာနှင့် ၇၂ နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်းထောက်ခံစာပြနိုင်ပါက ပြည်ဝင်စဉ် ကိုဗစ်စစ်ဆေးခြင်းနှင့်သီးခြားခွဲနေထိုင်ရခြင်းများအား ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာကိုဗစ်ကပ်ရောဂါမဖြစ်ပွားမီက ဂျပန်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၃၁ ဒသမ ၉ သန်းစံချိန်တင်လာရောက်ခဲ့ပြီး လစဉ် ၂ သန်းကျော်ဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။သို့သော် ယခုနှစ်ဩဂုတ်လအတွက် ခန့်မှန်းခြေကိန်းဂဏန်းမှာ ၁၆၉,၈၀၀ သာရှိကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့မှ သိရှိရသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here