မူကြိုကျောင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်နှင့်လက်နက်ကိုင်ဆောင်ခွင့်များကို စိစစ်တင်းကျပ်ရန်ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

0
213

ဘန်ကောက်၊အောက်တိုဘာ ၁၀

မူကြိုကျောင်းအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးများနှင့်ဆရာမများသေဆုံးမှုအပြီးတွင် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက သေနတ်ကိုင်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်ရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို နှိမ်နင်းရန် တရားဥပဒေစိုးမိုးရေးအေဂျင်စီများကို တနင်္လာနေ့ကအမိန့်ထုတ်ပြန်ခဲ့သည်။

ဘန်ကောက်မြို့အရှေ့မြောက်ဘက် ကီလိုမီတာ ၅၀၀ (မိုင် ၃၀၀) အကွာရှိ Uthai Sawan ၌ ပြီးခဲ့သည့်အပတ်က ရဲဝန်ထမ်းဟောင်းတစ်ဦး၏ မူကြိုကျောင်းအတွင်းဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး ၂၄ ဦးအပါအဝင် စုစုပေါင်းလူ ၃၆ ဦးသေဆုံးခဲ့ရသည်။အဆိုပါပြစ်မှုကျူးလွန်သူသည်လည်း ၎င်းကိုယ်တိုင်အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။ယခုဖြစ်ရပ်သည် လူသတ်သမားတစ်ဦးကြောင့် သမိုင်း၌အဆိုးရွားဆုံးကလေးငယ်များသေဆုံးမှုတစ်ခုဖြစ်သည်။

ဝန်ကြီးချုပ်ပရာရွတ်သည် အာဏာပိုင်များနှင့် သက်ဆိုင်ရာအသိုင်းအဝိုင်းများအကြား တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှာဖွေစမ်းသပ်ရန် တာဝန်ရှိသူများအားညွှန်ကြားထားပြီး မူးယစ်ဆေးစွဲနေသူများကိုလည်း ကုသရေးအရှိန်မြှင့်တင်ရန် ညွှန်ကြားထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ထုတ်ပြန်ချက်တွင်ပြောကြားထားသည်။

တရားမဝင်သေနတ်ရောင်းချမှု၊လက်နက်မှောင်ခိုကူးမှုတို့ကိုနှိမ်နင်းရန်နှင့် တရားမဝင်လက်နက်များအားသုံးစွဲမှု အပါအဝင် “လူ့အဖွဲ့အစည်းကိုခြိမ်းခြောက်ပြီး မငြိမ်မသက်ဖြစ်စေတဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုနေတဲ့ သေနတ်လိုင်စင် ကိုင်ဆောင်သူတွေရဲ့ ကိုင်ဆောင်ခွင့်လိုင်စင်ကိုပိတ်သိမ်းဖို့” အစိုးရအရာရှိများကိုလည်း အမိန့်ထုတ်ပြန်ထားကြောင်း Anucha ကပြောကြားခဲ့သည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များသည် တာဝန်အရပေးအပ်ထားသည့် သေနတ်များအား အလွဲသုံးစားအသုံးပြုလျက် ကြမ်းတမ်းသောလုပ်ရပ်များကိုလုပ်ဆောင်သည့် အရာရှိများနှင့် ရဲအရာရှိများထံမှ သေနတ်များကို ပြန်လည်သိမ်းဆည်းရန်စီစဉ်နေသည်ဟုပါရှိသည်။

သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူများနှင့် ကိုင်ဆောင်ထားပြီးသားသူများကိုလည်း စိတ်ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်လိုအပ်ကြောင်းလည်း ရဲချုပ် Damrongsak Kittprapas က သတင်းထောက်များအားပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိအခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေနတ်ကိုင်ဆောင်ခွင့်ပိုင်ဆိုင်မှုနှုန်းပိုများကြောင်းတွေ့ရှိရသည်။တရားမဝင်လက်နက်များသည် ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများမှဝင်ရောက်လာမှုများလည်းအများအပြားရှိသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here