ပြည်ထောင်စုစိတ်ဖြင့် ပြည်ထောင်စုအကျိုးကို ရှေးရှုဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

0
203

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသည့် မွန်ပြည်သစ်ပါတီ(NMSP)ဒု- ဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၁၁ ရက်(ယနေ့)မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့ကိုအခြေခံပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမှာပါ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆို ချက်များ၊ဒေသနှင့်တိုင်းပြည်အတွက် အမှန်တ ကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆွေးနွေးသွားမည်ဖြစ်ကာ ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် လေးလေးနက်နက်ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြောသည်။

ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေး အရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေ ဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီတောင်းဆိုနိုင်ရန် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဟု ပြောသည်။

“ပါတီတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် နိုင်ငံရေးကို အခြေခံတဲ့ပါတီ၊ ဒေသကိုကိုယ်စားပြုတဲ့ပါတီ၊ တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ပါတီ ဆိုပြီးရှိပါတယ် မိမိတို့တစ်ဖွဲ့တည်း၊တစ်ပါတီတည်း ကြည့် လို့မရဘဲ ပြည်ထောင်စုစိတ်နဲ့ ပြည်ထောင်စုအ ကျိုးကို ရှေးရှုဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းကလည်း မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးကို ရည်မှန်းချက်ထားပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် အစဉ်တစိုက်ပါဝင်လျှောက်လှမ်းနေကာ နိုင်ငံရေးအရဖြစ်ပေါ် လာသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးအရသာ ဆွေးနွေးဖြေရှင်းရေးအား ရပ်တည်လျက်ရှိသည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းတို့သည် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒု- ဗိုလ် ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းနှင့်အတူ (NMSP)ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်နိုင်ဗညားလယ်နှင့်ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း တို့လည်းတက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် နစက မှဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here