ပါတီနိုင်ငံရေး ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့သဖြင့် ပါတီအား ဖျက်သိမ်းကြောင်း သူရဦးရွှေမန်း ပြောကြား

0
210

ပါတီနိုင်ငံရေး လုပ်ဆောင်ရန် ဆန္ဒမရှိတော့သည့်အတွက် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ဖော်ပြောကြားလာသည်။

ယနေ့ အောက်တိုဘာ (၁၂) ရက်တွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့များသည် အသက်ကြီးလာခြင်း၊ကျန်းမာရေး နှင့် လူမှုရေးအခက်အခဲများ ရှိလာခြင်း၊ ပါတီနိုင်ငံရေး ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ ခြင်းတို့ ကြောင့် ပါတီကို ဖျက်သိမ်းရန် သဘောတူထားကြောင်းလည်း ဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သူရဦးရွှေမန်းမှ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖွဲ့စည်း ဆောင်ရွက်သည့်အချိန်မှစ၍ ယနေ့အချိန်ထိပါဝင် ကူညီပေးခဲ့သူအားလုံးကို အမှတ်တရ ကျေးဇူးတင်ကြောင်းလည်းပြောကြားထားသည်။

အောက်တိုဘာ (၁၁) ရက်မှစ၍ ပါတီဖျက်သိမ်းခြင်းကို အတည်ပြုရန် သက်ဆိုင်ရာသို့ တင်ပြထားပြီး ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်သ ည်။

သူရဦးရွှေမန်းသည် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထော င်စု လွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိပြီး ဆက်ဆံရေး ကောင်းမွန်သူလည်းဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ ပါတီ ဝင်များအား အ သိပေးထားပြီး သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့မှလည်း သတင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here