ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်နှင့်ပတ်သတ်သော အဂတိမှု နှစ်မှုအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်

0
119

ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည့်ဟုဆိုကာစွဲဆိုထားသော အဂတိအမှုနှစ်မှုဖြစ်သည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ အမှု ၂မှုတို့အတွက် တမှုလျှင် ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်လိုက်ကြောင်း တရာရုံးနှင့်နီးစပ်သောအသိုင်းအဝိုင်းမှသိရသည်။

ယနေ့ အောက်တိုဘာ ၁၂ တွင် ဦးမောင်ဝိတ်နှင့်ပတ်သတ်သော အဂတိအမှု ၂ မှုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်ဖြင့် ၆ နှစ် ချမှတ်ခဲ့သော်လည်း တစ်ပေါင်းတည်းကျခံစေရန်အမိန့်ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၃ နှစ်သာ ကျခံရမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်မှတဆင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ငွေလှူဒါန်းခဲ့မှုနှင့်စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်အား အဂတိအမှု၂မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးမောင်ဝိတ်က ၎င်းအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ဒေါ်လာ၅သိန်းကျော် ပေးအပ် လှူဒါန်းခဲ့ကြောင်း ပြီးခဲ့သည့်နှစ်မတ်လက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ရုပ်သံဖိုင်တစ်ခုတွင်ဖြေကြားထားမှုရှိခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်တွင် ဒေါ်အောင်ဆန်းစုကြည်က သူမတွင် အပြစ်မရှိဟု ပြောကြားခဲ့သည်ဟုလည်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ထိုအထဲမှ ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် အထိ ချမှတ်ခံထားရကာ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅မှု အတွက် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here