ကျိုက်ထီးရိုးဘုရား၏ တောင်တက်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ဘုရားဖူးပြည်သူ ၃ ဦးသေဆုံး၍ ၁၀ ဦးကျော်ဒဏ်ရာရ

0
876

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကင်ပွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် အောက်တိုဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ဘုရားဖူးပြည်သူများ ၃ ဦးသေဆုံးကာ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာမှန်ပါတယ် ထိခိုက်ဒဏ်ရာရတဲ့လူ ၁၃ ယောက်လောက်ရှိတယ် သေ ဆုံးတဲ့လူက ၃ ယောက်ရှိပါတယ် ကျွန်တော်တို့သိရသလောက်ကတော့ ဒီလောက်ပါပဲ လူနာတွေကိုဆေးရုံပို့ပေးထားပါတယ်”ဟု ကင်ပွန်းချောင်းကျေးရွာအခြေစိုက်နာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား ကင်မွန်းချောင်းတိုက်နယ်ဆေးရုံနှင့်ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံတို့သို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ဆေးရုံမှာတစ်ချို့က အရေးပေါ်အခြေအနေနဲ့ကုနေရတယ်လို့တော့ကြားတယ် ဘုရားဖူးတစ်ချို့ထိခိုက်တယ် သေနတ်သံတွေ‌ ကောဗုံးပေါက်တဲ့အသံတွေလည်းကြားတယ် ကြောက်လို့ကြုံတဲ့နေရာဝင်ပုန်းနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ အခင်းဖြစ်ပွားခဲ့သည့် ကျိုက်ထီးရိုးတောက်တက်ဂိတ်သို့ လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo Credit – Kyaw Walar


LEAVE A REPLY

Please enter your comment!
Please enter your name here