“အိမ်သာလျင် ဧည့်လာမည်”ဟု နစက ဥက္ကဋ္ဌ‌ပြော

0
249

ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၇ ရက်(ယနေ့)တွင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်သည် သဘာဝအလှအပများ များစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်၍ အဆိုပါ အခြေခံကောင်းများအား အသုံးချ၍ ပြည်တွင်း၊ပြည်ပ ခရီးသွားလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်၍ရသည်ဟု ပြောသည်။

“အိမ်သာလျင် ဧည့်လာမည်”ဖြစ်လို့ ဒေသအတွင်းမှာ ပြည်တွင်း၊ပြည်ပခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်ကောင်းတွေရှိစေဖို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုံခြုံစိတ်ချရတဲ့ ပြည်နယ်တစ်ခုဖြစ်စေဖို့ကို လာရောက်အမှုထမ်းနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒေသမှထွက်ရှိသည့် ရိုးရာအစားအစာများကိုလည်း သန်ရှင်းသပ်ရပ်စွာ ဖွယ်ဖွယ်ရာရာပြုလုပ်၍ ပြည်တွင်း၊ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်မည်ဟု ပြောသည်။

ထို့ကြောင့် ကရင်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍတိုးတက်စေရန် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုသည်ဟု ပြောသည်။

“လုပ်ငန်းများအားလုံး မိမိတို့ရဲ့ လုပ်ငန်းတစ်ခုချင်းစီအလိုက် စည်းကမ်းစနစ်တကျ အားထည့် ဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ် ကရင်ပြည်နယ်အတွင်းရှိပြီးဖြစ်တဲ့ အခြေခံကောင်းတွေကိုအသုံးချပြီး အသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေး(MSME)လုပ် ငန်းတွေ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မယ်ဆိုရင် ကရင်ပြည်နယ်အတွင်းစီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမှာပါ” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ တိုးတက်လာပါက ဒေသခံများ၏ လူမှုစီးပွားဘဝ ပြောင်းလဲလာမည်ဖြစ်ကာ ဒေသသည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here