ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ငန်း မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာနိုင်မည်

0
288

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာ ရီတိုင်းအတွင်းရှိ MSME လုပ်ငန်းရှင်များအား အောက်တိုဘာ ၁၇ ရက်ကတွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း အသေးစား၊အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အားနည်းလျက်ရှိကာ တိုင်းဒေသကြီးအတွက် ထားဝယ်အထူးစီးပွား ရေးဇုန်ရေနက်ဆိပ်ကမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းရန် တိုင်းအစိုးရအဖွဲ့မှ ကြိုးစားဆောင်ရွက်လျက်ရှိ၍ မကြာမီကာလအတွင်း ပြန်လည်လုပ် ကိုင်လာနိုင်မည်ဟု ပြောသည်။

တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများစွာရှိပါက အလုပ်အကိုင်အခွင့်အလမ်းများ၊စားဝတ် နေရေးများ အဆင်ပြေလာမည်ဖြစ်ကာ ထားဝယ်ဒေသအနေဖြင့် စက်မှုလက်မှုလုပ်ငန်းနှင့်ပတ်သက်၍ အားနည်းလျက်ရှိသည်ကိုတွေ့ရှိရသည်ဟု ပြောသည်။

“အားနည်းချက်တွေထဲမှာ လျှပ်စစ်ဓာတ်အားခ စျေးနှုန်းကြီးမြင့်တာက အဓိကဖြစ်ပါတယ် ဒါ့ကြောင့် တိုင်းအစိုးရအဖွဲ့အနနဲ့ ထားဝယ်ဒေသအတွက် ဖောင်းတောရေအားလျှပ်စစ်ကို ဆောင်ရွက်နေပါတယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကပြောသည်။

ရေအားလျှပ်စစ်မှ ဓာတ်အားအနည်းဆုံး ၂၅ မဂ္ဂါဝပ်ထွက်ရှိရန် ဆောင်ရွက်လျက်ရှိရာ ဒေသအ တွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာသုံးစွဲနိုင်မည်ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးမှူး ဦးညွန့်နွယ်က စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းထားမှု၊ MSME များဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့မှုနှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here