အင်းစိန်ထောင် ဗုံးဖောက်ခွဲမှု STA အဖွဲ့ လက်ချက်ဟု ထုတ်ပြန်၊ ယင်းဖြစ်စဉ်အပေါ် အတိုက်အခံ အင်အားစုများ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ

0
618

ယနေ့ အောက်တိုဘာ (၁၉) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အရပ်သားပြည်သူများပါ သေဆုံးခဲ့ရသည့် အင်းစိန်အကျဉ်းထောင်တွင်း ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း Special Task Agency of Burma (STA) အဖွဲ့က သတင်းထုတ်ပြန်လာသည်။

၎င်းတို့အဖွဲ့အနေဖြင့် သီးခြားရပ်တည်လှုပ်ရှားသည့်အဖွဲ့ ဖြစ်ပြီး ‌ယနေ့ နံနက်ပိုင်း ဖြစ်စဉ်သည် ထောင်မှူးကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ထောင်ဝင်စာလာတွေ့သည့် အရပ်သားပြည်သူများ ထိ‌ခိုက်သေဆုံးမှု ရှိခဲ့သည့်အပေါ် တစ်စုံတရာ တောင်းပန်ခြင်း မရှိပေ။

ယနေ့ နံနက်ပိုင်း ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထောင်ဝန်ထမ်း (၃) ဦး၊ (၁၀) နှစ်အရွယ် ကလေးတစ်ဉီးအပါအဝင် အရပ်သား (၅) ဦး သေဆုံးကာ ထောင်ဝန်ထမ်းများနှင့် အရပ်သားပြည်သူ စုစုပေါင်း (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကဘက်မှသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဗုံးဖေါက်ခွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အတိုက်အခံ နိုင်ငံရေး အင်အားစုများက အပြင်းအထန် ဝေဖန်ရှုတ်ချနေပြီး ယင်းဖြစ်စဉ်မှာ ဆင်ခြင်ဉာဏ်ကင်းမဲ့သည့် လုပ် ရပ်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ယနေ့နံနက်ပိုင်း အင်းစိန်ထောင်အတွင်း ဗုံးပေါက်ကွဲမှုတွင် အထင်ကရ နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင်(ခ) ဂျိမ်း(စ်) ၏ မိခင်ဖြစ်သူနှင့် ကြည့်မြင်တိုင်မြို့နယ်အတွင်း ဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံခဲ့ရသူ ကိုဟိန်း၏ မိခင်ပါ သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

ထို့အပြင် ဆန္ဒပြပွဲများတွင် သတင်းယူရင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် ကိုဝေလင်းနှင့် မထက်ထက်တို့၏ မိသားစုဝင်များလည်း ထောင်ဝင်စာ သွား ရောက်တွေ့ဆုံစဉ် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပေါ် General Strike Committee – GSC အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် အထင်ကရ နိုင်ငံရေး သမားများက ဝေဖန်ရှုတ်ချမှုများ လုပ်ဆောင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here