မုံရွာမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ ၃ ဦးသေဆုံး

0
430

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊စက်မှုဇုန်ရပ်ကွက်ရှိ လဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း၌ အောက်တိုဘာ ၁၉ ရက်ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းက စက်မှုဇုန်ရပ်ကွက်၊ဗိုလ်တေဇလမ်းရှိ လဖက်ရည်ဆိုင်အတွင်းသို့ လူငယ်အမျိုးသား ၆ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီးနောက် လဖက်ရည်သောက်၍ စကားပြောနေခဲ့ကြကြောင်း သိရသည်။

စကားပြောနေစဥ် အချင်းချင်းစကားများပြီး ရန်ဖြစ်ကာ သေနတ်ဖြင့်အချင်းချင်းပစ်ခတ်ခဲ့ကြသဖြင့် အခင်းဖြစ်နေရာ အမျိုးသား ၃ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ၃ ဦးမှာလည်း ထွက်ပြေးသွားခဲ့ကြကာ မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းများက သေဆုံးသူများ၏ရုပ်အလောင်းများအား မုံရွာမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သေသွားတဲ့ ကလေး ၃ ယောက်က အသက် ၁၇ ၊ ၁၈ အရွယ်လောက်တွေပဲရှိသေးတယ် သေသွားတဲ့ထဲက ၁ ယောက် မုံရွာမြို့ခံပဲ ကျန်တဲ့ ၂ ယောက်ကတော့ဘယ်ကလဲဆိုတာ ရဲတွေကလိုက်စုံစမ်းနေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here