သီရိလင်္ကာတွင် သမ္မတအာဏာကိုကန့်သတ်ထိန်းချုပ်ရန် မဲပေးလျက်ရှိ

0
249

ကိုလံဘို၊အောက်တိုဘာ ၂၁

သီရိလင်္ကာပါလီမန်သည် စုပေါင်းဆန္ဒပြမှုများကြောင့် နိုင်ငံမှထွက်ပြေးရသည်အထိဖြစ်ခဲ့သော သမ္မတရာဂျားပါစကာလက်ထက်အပြီးတွင် ပြည်သူ့ဆန္ဒအား တစ်စိတ်တစ်ပိုင်းလိုက်လျောသည့်အနေဖြင့် သမ္မတ၏အာဏာကို ကန့်သတ်ရန် အောက်တိုဘာ ၂၁ ရက် သောကြာနေ့တွင်မဲခွဲဆုံးဖြတ်ခဲ့သည်။

ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော စီးပွားရေးကျဆင်းမှုကြောင့် အစိုးရသည်စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟု စွပ်စွဲချက်များဖြစ်ပေါ်လာကာ အစားအသောက်နှင့် ဓာတ်ဆီပြတ်တောက်မှုများက ပြည်သူများ၏ဒေါသကို ပိုမိုကြီးမား‌ေစခဲ့သည်။

လူပေါင်းထောင်ချီသော ဆန္ဒပြမှုများသည် ဇူလိုင်လက စစ်တပ်အစောင့်အကြပ်များဖြင့် နိုင်ငံမှထွက်ပြေးကာ စင်္ကာပူရောက်ချိန်တွင် နုတ်ထွက်စာတင်ခဲ့သည့် သမ္မဂိုတာဗျားရာဂျားပါစကာ၏ နှုတ်ထွက်မှုနှင့်အတူပြီးဆုံးသွားခဲ့သည်။

ယင်းနောက်၎င်း၏ရာထူးအားဆက်ခံသူ ရာနေးလ် ဝီခရင်မင်ဆင်းဂေးလ်က ရာဂျားပါစကာအစိုးရက ချဲ့ထွင်ထားသည့် သမ္မတ၏လုပ်ပိုင်ခွင့်အာဏာကို ထိန်းချုပ်ကန့်သတ်ရန်ကတိပြုခဲ့သည်။

ရဲတပ်ဖွဲ့၊ တရားစီရင်ရေးနှင့် အရပ်ဘက် ဝန်ထမ်းများအပေါ် သမ္မတ၏ထိန်းချုပ်မှုအား ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်ကတစ်ခဲနက်မဲခွဲဆုံးဖြတ်ခဲ့သည်။

“ပြည်သူတွေရဲ့အမြင်အရတော့ ဒါက ကောင်းမွန်တဲ့ ဥပဒေကြမ်းဖြစ်တာမို့ကျွန်တော်တို့ထောက်ခံပါတယ်” ဟု လက်ရှိ အတိုက်အခံ ဥပဒေပြုလွှတ်တော်အမတ် တစ်ဦးဖြစ်သည့် သမ္မတဟောင်းမိုင်သရီပါလာစရီစီနာကပြောကြားခဲ့သည်။

အတိုက်အခံပါတီက ယခုဆုံးဖြတ်ချက်အားလက်ခံသော်လည်း သမ္မတရာထူးအားပွဲတက်သမတကဏ္ဍသို့လျှော့ချရန်တောင်းဆိုမှုများအတွက်မူ ယခုဆုံးဖြတ်ချက်ကမလုံလောက်ကြောင်း ‌စောဒကတက်ခဲ့သည်။

အဆိုပါပြင်ဆင်ချက်တွင် လွန်ခဲ့သည့် ၂ နှစ်က ရာဂျားပါစကာရုပ်သိမ်းလိုက်သည့် နိုင်ငံသား နှစ်ခု ကိုင်ဆောင်ထားသူများအား နိုင်ငံတော်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်မပြုရန် တားမြစ်ချက်ကို ပြန်လည်ကန့်သတ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အာဏာရပြီးနောက် ရာဂျားပါစကာသည် ရဲတပ်ဖွဲ့၊ တရားစီရင်ရေးနှင့် ရွေးကောက်ပွဲ အာဏာပိုင်များထံမှ လွတ်လပ်သော ကြီးကြပ်မှုကို ဖယ်ရှားကာ ဗဟိုအာဏာကို ချုပ်ကိုင်ထားခဲ့သည်။

သို့သော် အရေးကြီးသော နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် သီရိလင်္ကာသည် မရှိမဖြစ်သောကုန်ပစ္စည်းများ တင်သွင်းနိုင်ခြင်း မရှိခဲ့ဘဲ ၁၉၄၈ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံ၏ အဆိုးရွားဆုံး ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေခဲ့ကာ ၎င်း၏အစိုးရယိမ်းယိုင်သွားခဲ့သည်။

နိုင်ငံသည် ဧပြီလက၎င်း၏နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံကို ပေးချေရန်ပျက်ကွက်ခဲ့ပြီး ယခုအခါ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ကယ်ဆယ်ရေးရန်ပုံငွေကိုရရှိရန် အပြီးသတ်လုပ်ဆောင်နေပြီဖြစ်သည်။

ရာဂျားပါစကာသည် သီရိလင်္ကာသို့ ပြန်လည်ရောက်ရှိလာပြီး အကျင့်ပျက်ခြစားမှု စွဲချက်များစွာဖြင့် ဖမ်းဆီးအရေးယူမှုများပြုလုပ်ရန် တောင်းဆိုမှုများကြားမှပင်လက်နက်ကိုင်အကာအကွယ်အောက်တွင် နေထိုင်လျက်ရှိကြောင်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here