ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ပြန်လာနိုင်မည့် ယှဉ်ပြိုင်မှုများမှ နောက်ဆုတ်ပြီ

0
131

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်နိုင်မည့် ကြိုးပမ်းနေမှုများကို ရပ်တန့်လိုက်ပြီး လွန်ခဲ့သည့် သုံးလကျော်က ရာထူးမှ ဖယ်ရှားခံခဲ့ရသော ဝန်ကြီးချုပ်နေရာသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းမှုကို အဆုံးသတ်ခဲ့သည်။

တနင်္ဂနွေနေ့တွင် ဂျွန်ဆင်၏ နုတ်ထွက်မှုသည် ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီ ဆူးနက်ခ်အား ဗြိတိန်၏ နောက်ထပ် ဝန်ကြီးချုပ်အသစ်ဖြစ်လာရန် ပိုမိုအားသာစေခဲ့သည်။

ဂျွန်ဆင်သည် ဥပဒေပြုလွှတ်တော်အမတ် တစ်ရာ၏ အားပေးထောက်ခံမှုကို ရယူရေးအတွက် လဇ်ထရပ်စ်အား အစားထိုးမည့် ယှဉ်ပြိုင်ပွဲများသို့ ဝင်ရောက်နိုင်ရန်အတွက် ကာရေဘီယံတွင် အားလပ်ရပ်ခရီးထွက်နေရာမှ ဗြိတိန်သို့ အပြေးပြန်လာခဲ့သည်။

ဂျွန်ဆင်သည် လွှတ်တော်အမတ် ၁၀၂ ဦး၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး ဝန်ကြီးချုပ်ရာထူးအား ပြန်လည်တာဝန်ရယူနိုင်မည်ဟု တနင်္ဂနွေနေ့ ညနေပိုင်းက ပြောကြားခဲ့သော်လည်း ဆူးနက်ခ်ကို သော်လည်းကောင်း နောက်ထပ်ပြိုင်ဘက် ပယ်နီ မိုဒန့်ထ်ကို သော်လည်းကောင်း အမျိုးသား အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖျောင်းဖျနိုင်ခဲ့ခြင်း မရှိပေ။

“ကျွန်တော့်မှာ လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိနေတယ်လို့ ယုံကြည်ပါတယ်၊ ဒါပေမယ့် ဒါက အချိန်ကောင်းမဟုတ်သေးဘူးလို့ ထင်ပါတယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဂျွန်ဆင်၏ ထုတ်ပြန်ချက်သည် ၎င်း၏ အဓိက ပြိုင်ဘက်ဖြစ်သော အသက် ၄၁ နှစ်အရွယ် ဆူးနက်ခ်ကို ဝန်ကြီးချုပ်ဖြစ်လာရန် လမ်းခင်းပေးဖွယ်ရှိသည်။

ဂျွန်ဆင်၏ ယှဉ်ပြိုင်မှုမှ နုတ်ထွက်ခြင်းကို အတည်ပြုပြီးပါက ဆူးနက်ခ်သည် ထရပ်စ်၏ နေရာတွင် အစားထိုး တာဝန်ယူနိုင်လိမ့်မည် ဖြစ်သည်။

စည်းမျဉ်းများ အရ ကွန်ဆာဗေးတစ် ဥပဒေပြုအမတ် အယောက် တစ်ရာ၏ ထောက်ခံမှုကို အမတ်လောင်းတစ်ဦးတည်းကသာ ရရှိပါက ထိုသူသည် တနင်္လာနေ့တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here