စီးပွားရေးနှင့်နိုင်ငံရေးဖရိုဖရဲဖြစ်နေမှုများကြားမှ တည်ငြိမ်မှုနှင့်စည်းလုံးညီညွတ်မှုရရှိစေရမည်ဟု ယူကေဝန်ကြီးချုပ်သစ် ဆူးနက်ခ်ကတိပြု

0
259

လန်ဒန်၊အောက်တိုဘာ ၂၅

ယခုကဲ့သို့စီးပွားရေးအကျပ်အတည်းကာလတွင် တည်ငြိမ်မှုနှင့်စည်းလုံးညီညွတ်မှုအတွက် ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်အသစ် ရီရှီဆူးနက်ခ်က အောက်တိုဘာ ၂၄ ရက် တနင်္လာနေ့ကကတိပြုခဲ့သည်။

ဟိန္ဒူဘာသာဝင် အသက် ၄၂ နှစ်အရွယ်ရှိ ဆူးနက်ခ်သည် ဝန်ကြီးချုပ်သက်တမ်း ၄၄ ရက်သာရှိသေးသည့် မစ္စလဇ်ထရပ်စ်နှုတ်ထွက်သွားပြီးနောက် ယူကေ၏ပထမဆုံးဟင်ဒူ ဝန်ကြီးချုပ်တစ်ဦးဖြစ်လာခဲ့သည်။

မစ္စထရပ်စ်သည် ၎င်း၏နှုတ်ထွက်စာအားတတိယမြောက် ချားလ်စ်ဘုရင် ထံ သို့ မတင်ပြမီ အင်္ဂါနေ့နံနက်တွင် အပြီးသတ်အစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။ယင်းနောက် မစ္စတာဆူးနက်ခ်အား ချားစ်ဘုရင် က ဝန်ကြီးချုပ်အဖြစ်ခန့်အပ်မည်ဖြစ်ကြောင်း ဒေါင်းနင်းစထရိ ၏ပြောကြားချက်အရသိရှိရပြီး ခေါင်းဆောင်အသစ် မစ္စတာဆူးနက်ခ်သည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ၎င်း၏ပထမဆုံးမိန့်ခွန်းကိုပြောကြားမည်ဖြစ်ကြောင်းသိရှိရသည်။

မစ္စတာဆူးနက်ခ်၏ တွစ်တာတွင်ရေးသားထားမှုအရ ယူကေသည်ကြီးကျယ်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုအခါစီးပွားရေးစိန်ခေါ်မှု ကိုအကြီးအကျယ်ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။

“အခုအချိန်မှာ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုလိုအပ်နေပြီး ပါတီနဲ့နိုင်ငံကို ပေါင်းစည်းဖို့ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

“ဒီပျော်စရာကာလကဘယ်လောက်ကြာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ဆူးနက်ခ်အနေနဲ့လည်း စီးပွားရေးအပေါ်ယုံကြည်မှုတွေ ပြန်လည်ရရှိဖို့ အရှိန်အဟုန်ပြင်းပြင်းနဲ့ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနမှ မက်ကင်တိုင်ယာကပြောကြားခဲ့သည်။

“လောလောဆယ်ဆူးနက်ခ်အနေနဲ့ အပြုသဘောဆောင်တဲ့လက္ခဏာတွေနဲ့စတင်နေပေမဲ့ တကယ့်ပြောင်းလဲမှုရဲ့သက်သေအထောက်အထားအချို့ကိုတော့ မြန်မြန်ဆန်ဆန်ပြသရမှာဖြစ်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကလည်း ဗြိတိန်၏နောက်ဆုံးခေါင်းဆောင်ကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်ကမူ “ဒီကျွန်းတွေမှာကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ပြဿနာတွေကို ပူးတွဲကိုင်တွယ်ဖြေရှင်းဖို့ ကြိုဆိုပါတယ်” ဟုပြောကြားခဲ့ပြီး ဥရောပကောင်စီ ဥက္ကဌ ချားစ်မီရှယ်ကမူ အတူတကွလက်တွဲဆောင်ရွက်ခြင်းသည် ဘုံစိန်ခေါ်မှုများကိုရင်ဆိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည် ဟုမှတ်ချက်ပြုခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here