ဘင်္ဂလားဒေ့ရှ်တွင် စီထရန် လေမုန်တိုင်းကြောင့် လူ ၂၄ ဦး သေဆုံး 

0
146

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စီထရန် အမည်ရ လေမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် လူ ၂၄ ဦး ထက်မနည်းသေဆုံးပြီး သန်းနှင့်ချီသောလူများသည်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ် ကိုခံခဲ့ရကာ လူတစ်သန်းခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

သေဆုံးသူအများစုမှာ သစ်ပင်များ လဲကျမှုကြောင့် ဖြစ်ကြောင်း၊ မြောက်ဘက်ရှိ ယမုံနာ မြစ်တွင် လူနှစ်ဦး စက်လှေနစ်မြုပ်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

သင်္ဘောပေါ်တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးလည်း သင်္ဘောကုန်းပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၂၅ ရက် အင်္ဂါနေ့၌ နိုင်ငံ့တောင်ဘက်ရှိ နေရာအတော်များများတွင် ကျောင်းများ ပိတ်ထားရစဉ် ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရိုင်များတွင် နေထိုင်ကြသည့် လူဆယ်သန်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ် ခံခဲ့ရသည်။

စီထရန်သည် တနင်္လာနေ့ ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်ရောက်လာခဲ့သည်။ အာဏာပိုင်များက လေမုန်တိုင်း မဝင်ရောက်မီ လူတစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

မီရ်စရေ အုပ်ချုပ်ရေးနယ်မြေအနီးရှိ ဘင်္ဂလားပင်လယ်အော်တွင် တနင်္လာနေ့ည မုန်တိုင်းတိုက်ခိုက်စဉ်အတွင်း နစ်မြုပ်ခဲ့သော သောင်တူးစက်လှေမှ လူရှစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ မီးသတ်ဌာန အကြီးအကဲ Abdullah Pasha က ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့် အိမ်ခြေ တစ်သောင်း နီးပါး ထိခိုက်ပျက်စီးခဲ့ရပြီး ပုစွန်မွေးမြူရေးခြံ တစ်ထောင်ခန့် ရေနစ်မြုပ်သွားခဲ့သည်ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူး Kamrul Ahsan က ဆိုသည်။

နိုင်ငံအနှံ့အပြားတွင် မိုးသည်းစွာ ရွာသွန်းခဲ့သောကြောင့် ဒါကာ၊ ခူလ်နာ နှင့် ဘာရီဆဲလ် ကဲ့သို့သော မြို့ကြီးများတွင် ရေလွှမ်းမိုးခဲ့ပြီး တနင်္လာနေ့က မိုးရေချိန် ၃၂၄ မီလီမီတာ (၁၃လက်မ) ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် သုံးသောင်း သုံးထောင်ခန့်ကိုမူ အိမ်တွင်း၌သာ နေထိုင်ကြရန် အမိန့်ပေးခဲ့သော်လည်း အသေအပျောက် သို့မဟုတ် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ အစီရင်ခံစာများ မရှိခဲ့ကြောင်းဟု အရာရှိများက ပြောကြားခဲ့သည်။

Source-The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here