တရုတ်သည် ထိုင်ဝမ်၏ ပိုနေမြဲ ကျားနေမြဲ အနေအထားအား လက်မခံတော့ဟု ဘလင်ကန် ပြောလာ

0
244

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ ပိုနေမြဲ ကျားနေမြဲ အနေအထားအား လက်ခံနိုင်ဖွယ်မရှိတော့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းအပေါ် ဖိအားပေးမှုများစတင်နေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဘလွန်းဘတ်က စီစဉ်ကျင်းပသည့် ပွဲတစ်ခု၌ ပြောကြားရာတွင် ဘလင်ကန်က တရုတ်နိုင်ငံသည် ဝါရှင်တန်နှင့် ပေကျင်းတို့ကြား ဆယ်စုနှစ်များစွာကြာထားရှိခဲ့သော ပြည်မကြီးနှင့် ထိုင်ဝမ်ကြားရှိ ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ကိုင်တွယ်မည်ဟူသော အခြေခံနားလည်မှုကို ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့သည်။

“ပြောင်းလဲသွားတာက ဒီဟာတွေပါ: ပေကျင့် အစိုးရဆုံးဖြတ်လိုက်တာကတော့ လက်ရှိအနေအထားကို ဆက်လက် လက်ခံပေးလို့မရတော့ဘူး၊ သူတို့ဟာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ချင်နေပါတယ်” ဘလင်ကန် က ဆိုသည်။

ဖိအားပေးနည်းဗျူဟာများ အလုပ်မဖြစ်ပါက တရုတ်နိုင်ငံသည် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် ထိုင်ဝမ်ကို ပိုမိုဖိအားပေးသွားရန်အင်အားသုံးနိုင်ခြေကို ဆက်လက် စွဲကိုင်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဝါရှင်တန်သည် စစ်အေးတိုက်ပွဲကို မလိုလားကြောင်း တရုတ်နိုင်ငံကိုလည်း တားဆီး ကန့်သတ်ရန် မကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ဝါရှင်တန်သည် ပြတ်သားပြီး ၎င်း၏ အကျိုးစီးပွားရေးအတွက် ရပ်တည်နေခဲ့ကြောင်း ဘလင်ကန်က ပြောကြားခဲ့သည်။

ဘိုင်ဒင်၏ အစိုးရအဖွဲ့ကလည်း တရုတ်အား ၎င်းသည် ဩဂုတ်လတွင် ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့် ပေလိုစီ၏ ခရီးစဉ်ကို ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုလုပ်ရန် အကြောင်းပြချက် အနေဖြင့် အသုံးပြုခဲ့ကြောင်း ထပ်တလဲလဲ စွပ်စွဲခဲ့သည်။

ထိုင်ဝမ်အပေါ် အာဏာသုံးပိုင်ခွင့်ကို ဘယ်‌ေသာအခါမှ စွန့်လွှတ်မည် မဟုတ်သော်လည်း အကြမ်းမဖက်သော ဖြေရှင်းချက်ရအောင် ကြိုးပမ်းသွားမည်ဟု ခေါင်းဆောင် ရှီကျင့်ဖျင်က ယခုလအတွင်း ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ အာဏာရကွန်မြူနစ်ပါတီ၏ ငါးနှစ်တာကွန်ဂရက် ညီလာခံတွင် ပြောကြားခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here