စားအုန်းဆီ တင်သွင်းသူများ တစ်ဒေါ်လာ (၂,၄၀၃) ကျပ်ဖြင့် ဒေါ်လာဝယ်ယူရန် သတ်မှတ်ပေးသော်လည်း ဈေးကွက်တွင် ဆီတစ်ပိဿာ ကျပ် ၇၀၀၀ ​ကျော်ဝန်းကျင် ဖြင့်ရောင်းချနေ

0
224

ပြည်တွင်းရှိ စားသုံးဆီ တင်သွင်းသူများအနေဖြင့် ပြင်ပပေါက်ဈေး ၃၀၀၀ ကျပ်ဝန်းကျင်ဖြစ်နေသည့် ဒေါ်လာဈေးနှုန်းကို ၂၄၀၀ ဝန်းကျင်ဖြင့်သာ လဲလှယ်ကြရန် စီး ပွားကူးသန်း ဝန်ကြီးဌာနက ရည်ညွှန်းသတ်မှတ်ပေးထားကြောင်း သိရသည်။

စားသုံးဆီ တင်သွင်းသူများအတွက် ရည်ညွှန်းငွေလဲနှုန်းကို ဝန်ကြီးဌာနက ရည်ညွှန်းသတ်မှတ်ပေးလျက်ရှိရာ လ တ်တလောပြင်ပပေါက်ဈေးထက် ၆၀၀ ကျပ်ဝန်းကျင်  လျော့နည်းသည့် ဈေးနှုန်းဖြင့် ဒေါ်လာ ဝယ်ယူခွင့် ပြုထားခြင်း ဖြစ်သည်။

တရိပ်ရိပ်ဖြင့် အမြင့်ဈေးသို့ ရောက်လာသည့် ပြည်တွင်း စားသုံးဆီ ဈေးနှုန်းကို ထိန်းညှိရန် စီးပွားကူးသန်း ဝန် ကြီးဌာနက ကြိုးစားခြင်းဖြစ်နိုင်ပြီး ယင်းလုပ်ဆောင်ချက်သည် မြေပြင်ရှိ စားသုံးဆီဈေးကွက်သို့ တိုက်ရိုက်အကျိုးသက်ရောက်မှု နည်းပါးနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းပြန်လည်ကျဆင်း လာနိုင်မည်ဟု ခန့်မှန်းနိုင်ကြောင်း ဆီလုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

” အဓိကတော့ ဈေးချချင်တာနေမှာပေါ့နော်။ ဒါပေမဲ့ မြေပြင်ကို တိုက်ရိုက်သက်ရောက်လားဆိုတော့ မဟုတ်ဘူး။ ပြည်ပက ဆီတင်တဲ့သူတွေကို ဒေါ်လာဈေးလျှော့ ပေးပေမယ့်လည်း မြေပြင်မှာ တဆင့် ပြန်ဝယ်ပြီး ရောင်းတဲ့သူတွေက ထွေထွေထူးထူး အကျိုးခံစားရမှုမရှိဘူးလေ။စရိတ်အပါ အကုန်လုံးက ဈေးမြင့်နေတာ။ ဒီတော့ မြေပြင်မှာက ဒုံရင်းက ဒုံရင်းပဲ။ မရမက လိုက်ချရင်သာ နည်းနည်း အကျပြတာ။ ဒါပေမဲ့ မကျဘူးလားဆိုတော့လည်း ကျတော့ ကျနိုင်တယ် ။ အတိုင်းအတာ တစ်ခုအ ထိတော့ ကျမှာပေါ့” ဟု ရန်ကုန်ဈေးကွက်အတွင်းရှိ စားအုန်းဆီ အရောင်းအဝယ်ပြုလုပ်သည့် လက်လီလက်ကားဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် အဆိုပါ ငွေလဲနှုန်း ဖြင့် ဝယ်ယူတင်းသွင်းမည်ဆိုပါက ဈေးကွက်အတွင်းအရောက် သယ်ယူစရိတ်၊ ကုန်သွယ်ခွန်များအပါ စားသုံးဆီ တစ်ပိဿာလျင် ၄၀၉၃ ကျပ် ကျသင့်မည်ဖြစ်ပြီး ဝန်ကြီးဌာနလက်အောက်ရှိ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အောက်တိုဘာ (၃၀) ရက်အထိ စားအုန်းဆီ တစ်ပိဿာ လက်ကားရည်ညွှန်းဈေး (၄၁၇၅) ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ပေးထားသည်။

ယင်းကဲ့သို့ လက်ကားရည်ညွှန်းဈေးသတ်မှတ်ပေးထားသော်လည်း လက်ရှိဈေးကွက်အတွင်း၌ စားအုန်းဆီ တစ်ပိဿာလျင် ကျပ် ၇၀၀၀​ ​ကျော်ဝန်းကျင် ဖြင့် ရောင်းချနေပြီး အဆိုပါ ဈေးနှုန်းမှာ ပြီးခဲ့သည့် တစ်ပတ်ကျော်က ဈေးနှုန်းထက် ၁၀၀၀ ကျပ် ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သည်။

ဈေးကွက်အတွင်း ယင်းကဲ့သို့ မြင့်တက်နေသည့် စားအုန်းဆီ ဈေးနှုန်းကို ထိန်းချုပ်ရန် ဒေါ်လာ ထုတ်ချေးခြင်း ၊ ဒေါ်လာငွေလဲနှုန်း လျှော့ချသတ်မှတ်ပေးခြင်းတို့ လုပ် ဆောင်နေကြောင်းတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here