မစ္စ ယူနီဗတ်စ် အဖွဲ့အစည်းအား ထိုင်းသူဌေးတစ်ဦးက ဒေါ်လာ သန်း၂၀ ဖြင့်ဝယ်ယူ

0
133

လိင်ပြောင်းပိုင်ခွင့်ကို ထောက်ခံသူဖြစ်သည့် ထိုင်းမီဒီယာ သူဌေးတစ်ဦးသည် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများကို လက်ခံကျင်းပပေးသော မစ္စ ယူနီဗတ်စ် အဖွဲ့အစည်းအား အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ၎င်း၏ ကုမ္ပဏီက ပြောကြားခဲ့သည်။

Anne Jakkaphong Jakrajutatip သည် ထိုင်းနိုင်ငံအခြေစိုက် မီဒီယာဖြန့်ချီရေးကုမ္ပဏီ ဖြစ်သည့် ဂျေကေအန် ကမ္ဘာလုံးဆိုင်ရာ အုပ်စု ပီစီအယ်လ်၏ စီအီးအို ဖြစ်သည်။

၎င်းသည် လိင်ပြောင်း အမျိုးသမီးတစ်ဦး အနေဖြင့် ၎င်း၏ အတွေ့အကြုံများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံတွင် လိင်ပြောင်းပိုင်ခွင့် အတွက် ထောက်ခံအားပေးမှုတွင်လည်း ပါဝင်ခဲ့သည်။

ဂျေကေအန် ကမ္ဘာလုံးဆိုင်ရာ အုပ်စုသည် အထက်ပါ အဖွဲ့အစည်းအား အောက်တိုဘာ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် လက်လွဲရယူပြီကြောင်း ကြေညာခဲ့ပြီး အာရှတွင် ပြိုင်ပွဲများ တိုးချဲ့ပြုလုပ်ကာ အသားအရေ ထိန်းသိမ်းရေး ပစ္စည်း၊ အလှကုန်၊ လူနေမှု တိုးတက်ရေး ထုတ်ကုန်များ၊ အစားအသောက် ဖြည့်စွက်စာများနှင့် အချိုရည်များ အပါအဝင် ကုန်ပစ္စည်းအသစ်များ ဖြန့်ချိခြင်းဖြင့် မစ္စ ယူနီဗက်စ် အဖွဲ့အစည်းကို တိုးချဲ့ရန် စီစဉ်နေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Jakkaphong က ကုမ္ပဏီသည် ဝယ်ယူမှု ပြုလုပ်ရခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ အဖွဲ့အစည်းရဲ့ အမွေအနှစ်ဖြစ်တဲ့ အမျိုးမျိုးသော နောက်ခံတွေ၊ ယဉ်ကျေးမှုတွေနဲ့ ရိုးရာဓလေ့တွေကနေ ထွက်ပေါ်လာတဲ့ စိတ်အားထက်သန်တဲ့ လူတစ်ဦးချင်းစီအတွက် ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးမှုကို ဆက်လက် ထိန်းသိမ်းသွားဖို့ သာမက မျိုးဆက်သစ်တွေအတွက် ဘရန်းကိုပါ ဖြည်းဖြည်းချင်း မြှင့်တင်သွားဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် မစ္စ ယူနီဗတ်စ် အဖွဲ့အစည်း၏ စီအီးအိုနှင့် ဥက္ကဋ္ဌက မစ္စ ယူနီဗက်စ် အဖွဲ့အစည်းအား ဂျေကေအန်နှင့်အတူ တိုးတက်ပြောင်းလဲလာဖို့အတွက် ဆက်လက်လုပ်ဆောင်သွားရန် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။

အဆိုပါဝယ်ယူမှုကြောင့် Jakkaphong သည် မစ္စ ယူနီဗက်စ် အဖွဲ့အစည်း၏ ပထမဆုံး အမျိုးသမီးပိုင်ရှင် ဖြစ်လာကြောင်း ဂျေကေအန်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်တွင် လူကြည့်အများဆုံး အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် မစ္စယူနီဗက်စ် ပြိုင်ပွဲကို ၁၉၅၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here