အနောက်အုပ်စုကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ်အရှိဆုံး ဆယ်စုနှစ်နှင့် ရင်ဆိုင်ရသည်ဟု ပူတင်ပြော

0
312

လန်ဒန်၊ အောက်တိုဘာ ၂၈

အနောက်နိုင်ငံမှ အထက်တန်းလွှာများသည်အမေရိကနှင့် ၎င်း ၏ မဟာမိတ်များ၏ ရှောင်လွဲ၍ မရသော ကမ္ဘာကို လွှမ်းမိုးမှု ပြိုလဲလာခြင်းမှ ကာကွယ်ရန် အလုအယက် ကြိုးပမ်းလာသောကြောင့် ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ်အရှိဆုံး ဆယ်စုနှစ်ကို ရင်ဆိုင်ခဲ့ရကြောင်း သမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၂၇ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်း အရေးအခင်း စတင်ပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော ၎င်း၏ အရှည်ကြာဆုံး လူသိရှင်ကြားပွဲများထဲမှ တစ်ခုတွင် ပူတင်က အထူးစစ်ဆင်ရေးဟု ခေါ်ဝေါ်သည့် အရာအပေါ် နောင်တရခြင်း မရှိကြောင်း ထုတ်ဖော်ပြသခဲ့ကာ အနောက်နိုင်ငံများအား စစ်ပွဲကို လှုံဆော်ပေးပြီး ကမ္ဘာအနှံ့ မငြိမ်မသက်ဖြစ်စေခဲ့သည့် အန္တရာယ်ရှိသော သွေးထွက်သံယိုဖြစ်စေသော ညစ်ညမ်းသော ကစားပွဲကို ဆော့ကစားနေသည်ဟု စွပ်စွဲခဲ့သည်။

“ကမ္ဘာ့ အရေးကိစ္စတွေအပေါ် တစ်စုတည်း လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ သမိုင်းဝင်ကာလဟာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်” ဟု ပူတင်က ဗိုလ်ကျ အုပ်စိုးမှုမရှိသော ကမ္ဘာ- လူတိုင်းအတွက် တရားမျှတမှုနှင့် လုံခြုံရေး ဟူသော ခေါင်းစဉ်အမည်ဖြင့် ကျင်းပခဲ့သော ဆွေးနွေးပွဲအတွင်း ဗယ်လ်ဒိုင်း ဆွေးနွေးရေးအဖွဲ့သို့ ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ဟာ သမိုင်းဝင် နယ်စပ်တစ်ခုမှာ ရပ်တည်နေပါတယ်၊ အရှေ့မှာတော့ အန္တရာယ်အရှိဆုံး၊ ခန့်မှန်းလို့ မရဆုံးနဲ့ တစ်ချိန်တည်းမှာပဲ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နောက်ပိုင်း အရေးကြီးတဲ့ ဆယ်စုနှစ်တစ်ခုဖြစ်နိုင်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

အသက် ၇၀ နှစ်အရွယ် ကေဂျီဘီ သူလျှိုဟောင်း ပူတင်သည် ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များတက်ရောက်သည့် ထိုအစည်းအဝေးသို့ တစ်နာရီကျော်ကြာ နောက်ကျခဲ့ပြီး အနောက်နိုင်ငံများ၏ ယိုယွင်းကျဆင်းလာမှုနှင့် ထိုသို့ ကျဆင်းလာချိန် တရုတ် ကဲ့သို့သော အာရှ အင်အားကြီးနိုင်ငံများ နေရာရလာပုံတို့ကို ပြောကြားခဲ့သည်။

source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here