နန်စီ၏ ခင်ပွန်း နေအိမ်၌ တူဖြင့် တိုက်ခိုက်ခံရ

0
293

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၂၈

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပေလိုစီကို တွေ့ရန် တောင်းဆိုခဲ့သော ကျူးကျော်သူတစ်ဦးသည် အောက်တိုဘာလ ၂၈ ရက် သောကြာနေ့ နံနက်ပိုင်း နန်စီ ၏ ဆန်ဖရန်စစ္စကိုရှိ  နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်စဉ် ခင်ပွန်းဖြစ်သူအား တူဖြင့် တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အသက် ၈၂ အရွယ် ပေါလ်ပေလိုစီအား ဦးခေါင်းခွံအက်ကွဲဒဏ်ရာနှင့် ၎င်း၏ ညာလက်မောင်းနှင့် လက်များရှိ ပြင်းထန်လှသော ဒဏ်ရာများကို ခွဲစိတ်ပြုပြင်ရန်အတွက် ဆန်ဖရန်စစ္စကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လုံးဝပြန်ကောင်းလာဖို့ မျှော်လင့်ထားကြောင်း ပေလိုစီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သူ ဒေးဗစ် ဒီပိတ်အား အခင်းဖြစ်ပွားရာနေရာ၌ ဖမ်းဆီးရမိခဲ့ပြီး လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု၊ သေစေလောက်သော လက်နက်ဖြင့် တိုက်ခိုက်မှု၊ သက်ကြီးရွယ်အို ညှဉ်းပန်းနှိပ်စက်မှု၊ ဖောက်ထွင်းမှုနှင့် အခြားသော ရာဇဝတ်ပြစ်မှုကြီးများစွာဖြင့် တရားစွဲဆိုခံရမည်ဟု ဆန်ဖရန်စစ္စကို ရဲအုပ် ဝီလီယမ် စကော့က ဆိုသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပေလိုစီသည် တိုက်ခိုက်မှု ဖြစ်ပွားနေချိန်တွင် ၎င်း၏ ကာကွယ်ရေး အသင်းနှင့်အတူ ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေခဲ့ကြောင်း အမေရိကန် ကွန်ဂရက် လွှတ်တော်၏ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နန်စီ၏ နေအိမ်သို့ ပထမဦးစားပေး ကျန်းမာရေး စစ်ဆေးခြင်း အနေဖြင့် စေလွှတ်ခံခဲ့ရသည့် ရဲအရာရှိများသည် အဆိုပါ တိုက်ခိုက်မှုအား မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ကာ တားဆီးခဲ့ရကြောင်းနှင့်  အာဏာပိုင်များက ထိုတိုက်ခိုက်မှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း စကော့က သတင်းထောက်များအား ပြောကြားခဲ့သည်။

ပေါလ်ပေလိုစီသည် ၉၁၁-အရေးပေါ် ကိုဖုန်းဆက်ခဲ့ပြီး တိုက်ခိုက်ခံနေရသည်ဟု တိုက်ရိုက်မပြောဘဲ တစ်ခုခု မှားယွင်းနေပြီကြောင်းကို ရိပ်မိစေနိုင်သော စကားဝှက်ဖြင့်သာ ပြောဆိုခဲ့ကြောင်း စီအင်န်အင်န် သတင်းဌာနက ဖော်ပြခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here