ဖိလစ်ပိုင်တွင် မုန်တိုင်း နာလ်ဂဲလ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၂ ဦးအထိ ရှိလာ

0
225

မနီလာ၊ အောက်တိုဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်စေခဲ့သည့် အပူပိုင်းဒေသ မုန်တိုင်း နာလ်ဂဲလ်ကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူဦးရေ ၇၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံ့ သဘာဝဘေးအန္တရာယ် အေဂျင်စီက အောက်တိုဘာလ ၂၉ ရက် စနေနေ့တွင် ပြောကြားခဲ့သည်။

မဂင်းဒါနောင် ပြည်နယ်တွင် လူ ၆၇ ဦး သေဆုံးမှုဖြင့် ထိခိုက်မှု အများဆုံး ဖြစ်ခဲ့ပြီး ဆူလ်တန် ကူဒရတ် ပြည်နယ်တွင် နှစ်ဦး၊ တောင်ကိုတာဘာတို ဒေသန္တရ အုပ်ချုပ်ရေးနယ်တွင် နှစ်ဦးနှင့် ကျန်သေဆုံးသူများမှာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ဗီဆာယာစ် ဒေသမှ ဖြစ်ကြောင်း အေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဘာနာဒို ရာဖယ်လီတို အာလေဟန်ဒရိုက ဒီဇက်အမ် ရေဒီယို အသံလွှင့်ဌာနသို့ ပြောကြား ခဲ့ သည် ။

ထို့အပြင် ဒဏ်ရာရသူ ၃၃ ဦးနှင့် ပျောက်ဆုံးသူ ၁၄ ဦးရှိကြောင်း ၎င်းက ပြောသည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၉၅ ကီလိုမီတာ ထိရှိသည့် အဆိုပါ အပူပိုင်းမုန်တိုင်းသည် စနေနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်း ကတ်တန်ဒူအာနက် ပြည်နယ်၏ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ မုန်တိုင်းသည် ပင်မ လူဇွန်ကျွန်းကိုဖြတ်ကာ တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည်နေသောကြောင့် စနေနေ့ (ယနေ့)တွင် မြို့တော်ဒေသနှင့် အနီးနားပြည်နယ်များ၌ တစ်ခါတစ်ရံ မိုးသည်းထန်စွာ ရွာသွန်းမည် ဖြစ်ကြောင်း ပြည်နယ်မိုးလေဝသအေဂျင်စီက ၎င်း၏နောက်ဆုံးထုတ် စာစောင်တွင် ပြောကြားခဲ့သည်။

နာလ်ဂဲလ်ကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် သောကြာနေ့တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အလောင်းများကို ရေနှင့် ရွှံ့ထူထပ်သောနေရာများမှ ထုတ်ယူခဲ့ရသည်။

“ကျွန်တော်တို့ အခု ကယ်ဆယ်ရေးအဖွဲ့တွေအားလုံးကို စုစည်းနေပြီး ဖြန့်ကျက်မရှာဖွေခင် အတိုချုပ် ဆွေးနွေးသွားမှာပါ၊ မိုးမရွာတော့ဘူးဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ ရှာဖွေမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အထောက်အကူဖြစ်စေမှာပါ” ဟု မဂင်းဒါနောင် ပြည်နယ် သဘာဝဘေးအန္တရာယ်အေဂျင်စီမှ တာဝန်ရှိသူ Nasrullah Imam က ပြောကြားခဲ့သည်။  

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် ပျမ်းမျှ အပူပိုင်းမုန်တိုင်း ၂၀ နီးပါး တိုက်ခတ်နေသည်။

source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here