ဂျီအမ် ကားကုမ္ပဏီက တွစ်တာ၌ကြော်ငြာထည့်သွင်းမှု ယာယီရပ်ဆိုင်း

0
189

မစ္စတာအီလွန်မက်စ်သည် ဆိုရှယ်မီဒီယာကုမ္ပဏီကို လွှဲပြောင်းရယူပြီးနောက် တွစ်တာ၌အခကြေးငွေဖြင့်ကြော်ငြာထည့်သွင်းမှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း ဂျန်နရယ်မော်တာစ် (ဂျီအမ်) ကုမ္ပဏီက သောကြာနေ့နှောင်းပိုင်းကပြောကြားခဲ့သည်။

အမေရိက၏အကြီးဆုံးကားထုတ်လုပ်သည့်ကုမ္ပဏီက ၎င်းတို့အနေဖြင့် ပိုင်ဆိုင်သူအသစ်လက်အောက်တွင် မီဒီယာပလက်ဖောင်း၏ လမ်းညွှန်ချက်ကိုနားလည်ရန်အတွက် တွစ်တာနဲ့ချိတ်ဆက်လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုအား တွစ်တာဘက်ကချက်ချင်းတုံ့ပြန်ခြင်းမျိုးမရှိပေ။မက်စ်သည် ဂျီအမ်၏ ပြိုင်ဘက် တယ်လ်ဆာ လုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သည်။

ဂျီအမ် ကမူ “ မီဒီယာပလက်ဖောင်းတစ်ခုရဲ့ သိသာထင်ရှားတဲ့အပြောင်းအလဲတစ်ခု ကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ကျွန်တော်တို့ဘက်က အခကြေးငွေကြော်ငြာတွေကိုဆိုင်းငံ့ထားတာပါ၊တွစ်တာကတစ်ဆင့် ဝယ်သူဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

တွစ်တာ၌ကြော်ငြာရောင်းချမှုသည် ဒုတိယသုံးလပတ်တွင် တွစ်တာဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။မေလကကြော်ငြာရှင်များအတွက် တင်ဆက်မှုတစ်ခုအရ အချို့သောကြော်ငြာအေဂျင်စီများနှင့် အမှတ်တံဆိပ်များသည် ယခုအခါတွစ်တာ၏အနာဂတ်နှင့်ပတ်သက်၍ သံသယဝင်စိုးရိမ်နေကြပြီဖြစ်ကြောင်းသိရှိရသည်။

အပြီးသတ်သဘောတူညီချက်မတိုင်မီတစ်ရက်အလိုတွင် မက်စ်သည်ကြော်ငြာရှင်များအား တိုက်ရိုက်တောင်းဆိုရေးသားသည့် ပို့စ်တစ်ခုအားတင်ခဲ့သည်။အဆိုပါပို့စ်၌ မစ္စတာအီလွန်မက်စ်သည် “တွစ်တာဟာ ဘာပြောပြော၊ဘာလုပ်လုပ် ဘာအကျိုးဆက်မှမရှိပဲ အားလုံးအတွက်အကန့်အသတ်မရှိတဲ့ ဗရုတ်သုတ်ခနေရာမျိုးမဖြစ်စေရပါဘူး၊တွစ်တာက ကြော်ငြာရှင်တွေရဲ့အမှတ်တံဆိပ်ကိုအားကောင်းစေပြီး လုပ်ငန်းကိုပိုကြီးမားစေမယ့် ကမ္ဘာပေါ်မှာလေးစားစရာအကောင်းဆုံး ကြော်ငြာပလက်‌ေဖါင်းတစ်ခုဖြစ်လာဖို့မျှော်မှန်းထားပါတယ်” ဟုရေးသားထားသည်။

“တွစ်တာအနေနဲ့ကျယ်ပြန့်တဲ့အမြင်အမျိုးမျိုးရှိတဲ့ အကြောင်းအရာစိစစ်ရေးကောင်စီကိုဖွဲ့စည်းမည်” ဟုလည်း မက်စ်ကသောကြာနေ့ကရေးသားခဲ့သည်။ကောင်စီအစည်းအဝေးမစတင်မီမှာ အဓိကအကြောင်းအရာဆုံးဖြတ်ချက်များနှင့် အကောင့်ပြန်လည်ထည့်သွင်းခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here