မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ခရီးသည်တင်(အံစာတုံး)ကား ၂ စီးတိုက်၍ ၇ ဦးသေဆုံး ၁၄ ဦးဒဏ်ရာရ

0
363

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၃၀ ရက်(ယ နေ့)နေ့လည်ပိုင်းက ခရီးသည်တင်(အံစာတုံး)ကား ၂ စီးတိုက်မိခဲ့ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၄၀ မိနစ်ခန့်က ကားပေါ်၌ ကားမောင်းသူအပါအဝင် ၂၁ ဦးလိုက်ပါလာသည့် ခရီးသည်တင်(အံစာတုံး)ကားမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်အားကာရံထားသည့်တန်းများအားတိုက်၍ တစ်ဘက်ယာဥ်ကြောရှိ စားသောက်ကုန်များတင်လာသည့် အံစာတုံးကားအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

“အခြအနေကတော်တော်ဆိုးတယ် လူမှုကူညီရေးကားတွေအများကြီးနဲ့ ကူညီကယ်ဆယ်ခဲ့ရတာ တောင်ပေါ်ကဆင်းလာတဲ့ကားက အရှိန်များပြီးဝင်တိုက်မိတာ စားသောက်ကုန်တွေတင်ပြီး တောင်ပေါ်တက်လာတဲ့ကားက စပယ်ယာသေသွားတယ်”ဟု သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ် ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုစိုးမိုးဌေးကပြောသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစုပေါင်း ၇ ဦး)မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၁၄ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သေသွားတဲ့လူတွေက တော်တော်အခြေအနေဆိုးဆိုးပဲဗျ ဦးနှောက်ထွက်သွားတဲ့လူ ၂ ယောက်ပါတယ် တခြားအခြေအနေဆိုးဆိုးနဲ့သေသွားတာတွေလည်းရှိတယ်”ဟု သင်္ဃန်းညီနောင်မြို့သစ်လူ မှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုစိုးမိုးဌေးကပြော သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့်သေဆုံးသူ များ၏ ရုပ်အလောင်းများအား မြဝတီမြို့ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here