လဇ်ထရပ်​၏ဖုန်း ဟက်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ မြှင့်တက်လာ

0
215

လန်ဒန်၊ အောက်တိုဘာ ၃၀

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း လဇ်ထရပ် ​နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ကိုင်ဆောင်ခဲ့သောဖုန်းမှာ အဟက်ခံခဲ့ရသည်ဟူသော မီဒီယာတစ်ခု​၏ သတင်းထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရသည် အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းစစ်ပွဲအကြောင်း ပြောကြားထားသော မက်ဆေ့ချ်များ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ကွာစီ ကွာတန်နှင့် ပေးပို့ခဲ့သည့် မက်ဆေ့ချ်များအပါအဝင် ထရပ်နှင့် နိုင်ငံတကာ ဝန်ကြီးများကြား ပေးပို့ထားသော မက်ဆေ့ချ်များမှာ တိုင်းတပါးသားတို့​၏ လက်ထဲသို့ ရောက်ရှိခဲ့ကြောင်း ဗြိတိန်ရှိ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြထားသည်။ 

အဆိုပါ ဖုန်းဟက်ခံရခြင်းကို ထရပ်အား ဝန်ကြီးချုပ်ဖြစ်စေခဲ့သည့် နွေရာသီ ကွန်ဆာဗေးတစ်ခေါင်းဆောင်ပိုင်း မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ရှာတွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို ကရင်မလင်းအတွက် အလုပ်လုပ်ပေးသည်ဟု ယူဆရသော အေးဂျင့်များက လုပ်ဆောင်ခဲ့သည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်ကို ကိုးကား၍ အစီရင်ခံစာတွင် ရေးသားထားသည်။

ဗြိတိန် အတိုက်အခံ ပါတီများက အဆိုပါ တိုင်ကြားချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

လစ်ဘရယ် ဒီမိုကရက်ပါတီ​၏ နိုင်ငံခြားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ လေလာမော်ရန် ကလည်း အမှန်တရားအား ဖော်ထုတ်ရန်အတွက် လွတ်လပ်သော အရေးပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် စနေနေ့က တွစ်တာတွင် တောင်းဆိုခဲ့သည်။

ရုရှားနိုင်ငံသည် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဟက်ခ်ရာတွင် ပိုမိုကောင်းမွန်လာသည်ဟု အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သူ ကွန်ဆာဗေးတစ်အမတ် တိုဘိုင်ရပ်စ် အဲလ်စ်ဝုဒ် က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဟက်ခ်ခံရမှု ဖြစ်ပွားခဲ့ခြင်း ရှိမရှိသော်လည်းကောင်း၊ နောက်ကွယ်က ကြိုးကိုင်သူ မည်သူဖြစ်သည်ကိုလည်းကောင်း စီအင်န်အင်န်က အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here