တရုတ်အာကာသစခန်း၏ နောက်ဆုံး အာကာသယာဉ်အစိတ်အပိုင်းကို အောင်မြင်စွာလွှတ်တင်

0
157

ပေကျင်း၊ အောက်တိုဘာ ၃၁

တရုတ်နိုင်ငံသည် ၎င်း၏ တီရန်ဂွန်း အာကာသစခန်း၏ နောက်ဆုံး အာကာသယာဉ် အစိတ်အပိုင်းကို အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့သည်။

အဆိုပါ အာကာသယာဉ်သည် ပေကျင်း၏ ရည်မှန်းချက်ကြီးသော အာကာသအစီအစဉ်၏ အဖိုးတန် ရတနာတစ်ခုဖြစ်ပြီး အဆိုပါ အစီအစဉ်ကြောင့် အင်္ဂါဂြိုလ်နှင့် လပေါ်သို့ အာကာသ လေ့လာရေးယာဉ်များ ဆင်းသက်နိုင်ခဲ့ကာ တရုတ်အား ဂြိုလ်ပတ်လမ်းကြောင်းအတွင်း လူသားများ ပို့ဆောင်နိုင်သည့် တတိယမြောက်နိုင်ငံ ဖြစ်လာစေသည်။

မန့်တီရန်ဟု အမည်ပေးထားသည့် အဆိုပါ အာကာသယာဉ် အစိတ်အပိုင်းအား တရုတ်နိုင်ငံ၏ ဟိုင်နန် အပူပိုင်းဒေသ ကျွန်းစုရှိ ဝမ်ချောင် လွှတ်တင်ရေး စခန်းမှ လောင်းမတ်ချ်ဖိုက်ဘီ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ စီစီတီဗွီ သတင်းဌာနက ဖော်ပြထားသည်။ မြန်မာစံတော်ချိန် နေ့လည် တစ်နာရီခွဲတွင် အနီးနားရှိ ကမ်းခြေမှ လွှတ်တင်ခဲ့သည်။

မန့်တီရန်သည် အင်္ဂလိပ်အက္ခရာ တီပုံသဏ္ဌာန်ရှိသော တရုတ်ပင်မ အာကာသစခန်း၏ တတိယနှင့် နောက်ဆုံးကြိမ်မြောက် အဓိက အစိတ်အပိုင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အာကာသ အခြေပြု အအေးဓာတ် အဏုမြူ နာရီစနစ် အပါအဝင် ခေတ်မီဆန်းသစ်သော သိပ္ပံစက်ကိရိယာ အများအပြားကိုပါ သယ်ဆောင်သွားကြောင်း နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာက ဖော်ပြထားသည်။ 

အဆိုပါ နာရီစနစ် အောင်မြင်ပါက ၎င်းသည် အာကာသအတွင်း အတိကျဆုံးသော အချိန်နှင့် ကြိမ်နှုန်းတွက် စနစ် ဖြစ်လာမည်ဖြစ်ပြီး နှစ်သန်းပေါင်းများစွာအတွင်း တစ်စက္ကန့်ပင် လျော့တွက်မည် မဟုတ်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသီတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here