ရာသီဥတုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုဖောက်ဖျက်ပါက အမေရိက သည်တာဝန်ယူရလိမ့်မည်ဟု တရုတ်ပြောကြား

0
331

ရှန်ဟိုင်း၊နိုဝင်ဘာ ၄

အမေရိကနှင့်တရုတ်တို့ကြား ကျယ်ပြန့်လာသောတင်းမာမှုများကို ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် တစ်ကန့်စီခွဲမထားနိုင်ဘဲ ဆွေးနွေးပွဲများပျက်ပြားသွားပါက အမေရိကသည်တာဝန်ယူရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆွေးနွေးညှိနှိုင်းမှုများထပ်မံပြုလုပ်ရန်အတွက် အီဂျစ်နိုင်ငံရှိ Sharm EI – Sheikh တွင် နိုင်ငံပေါင်း ၂၀၀ နီးပါးစုဝေးကြမည်ဖြစ်သော်လည်း ရာသီဥတုပူနွေးလာမှုအတွက်အဓိကအချက်ဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ရာ နိုင်ငံနှစ်ခုကြားတင်းမာမှုများက COP 27 ဟုအမည်ရသည့်  အစည်းအဝေးအားလွှမ်းမိုးမှုရှိလာပြီးခြိမ်းခြောက်လျက်ရှိသည်။

ပေကျင်းနှင့်ဝါရှင်တန်တို့၏သဘောတူညီချက်များနှင့်ပူးတွဲကြေငြာချက်များသည် ၂၀၁၅ ခုနှစ်က အထင်ကရဖြစ်ခဲ့သည့်ပါရီသဘောတူညီချက်အထိရောက်ရှိခဲ့သော်လည်း ဩဂုတ်လက ထိုင်ဝမ်သို့ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ခရီးစဉ်ကြောင့် တရုတ်ဘက်မှစ၍နှစ်နိုင်ငံဆွေးနွေးမှုအားလုံးကိုဆိုင်းငံ့ခဲ့သည်။

“တရုတ်နဲ့အမေရိကဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ခဲ့ဖူးပြီးပါရီသဘောတူညီချက်ကို အကောင်အထည်ဖော်အသက်ဝင်အောင်လုပ်ဆောင်ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ခဲ့သည်။

“တစ်ချိန်တည်းမှာပဲ တရုတ် အမေရိက ဆက်ဆံရေးဟာ နှစ်နိုင်ငံကြား ကျယ်ပြန့်တဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့လဲ ခွဲထားလို့မရတာမို့ ပေလိုစီရဲ့ခရီးစဉ်ဟာ တရုတ်ရဲ့အချုပ်အခြာအာဏာကို စော်ကားသလိုဖြစ်နေတာကြောင့်သာ တရုတ်ဘက်ကခုလိုဆွေးနွေးမှုရပ်ပစ်ဖို့ရွေးချယ်ခဲ့ရတာပါ” ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

“ဒီအတွက် အမေရိကန်ပြည်ထောင်စုဘက်က တာဝန်ယူပေးရပါလိမ့်မယ်” ဟုလည်းဆိုသည်။တရုတ်နိုင်ငံအနေဖြင့်အခြားနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကိုဆိုင်းငံ့ထားခြင်းမရှိသလို ဘက်စုံရာသီဥတုဆိုင်ရာညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားကာ COP 27 အောင်မြင်မှုရရှိစေရန်လည်း အားလုံးနှင့်ညှိနှိုင်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here