ကင်ညာတွင် မိုးခေါင်မှုကြောင့် ဆင်၂၀၅ ကောင် သေဆုံးဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာနပြော

0
198

အရှေ့အာဖရိကရှိ ကင်ညာနိုင်ငံတွင် နှစ် ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြောင့် ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်း ဆင်၂၀၅ ကောင်နှင့် အခြားသော တောရိုင်းတိရစ္ဆာန် အများအပြား သေဆုံးခဲ့ရကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီး Peninah Malonza နိုဝင်ဘာလ ၄ ရက် သောကြာနေ့တွင် ပြောသည်။

“မိုးခေါင်မှုကြောင့် အစာ အရင်းအမြစ်များ ရှားပါးလာတဲ့အပြင် ရေပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတာကြောင့် တောရိုင်းတိရစ္ဆာန်တွေ အသေအပျောက်များလာပါတယ်” ဟု Malonza က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မိုးခေါင်မှုကြောင့် တိရစ္ဆာန် မျိုးစိတ် ၁၄ မျိုး ထိခိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဆင်များအပြင် အာဖရိကပြောင် ၅၁၂ ကောင်၊ သာမန်မြင်းကျား ၃၈၁ ကောင်၊ သစ်ကုလားအုတ် ၁၂ ကောင်နှင့် ကျွဲ ၅၁ ကောင်တို့လည်း မိုးခေါင်ရေရှားကာလတွင် သေဆုံးခဲ့သည်။

ရှားပါးပြီး မျိုးသုဥ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဂရေဗီ မြင်းကျား အကောင်ရေ ၄၉ ကောင်လည်း သေဆုံးခဲ့သည်။

နိုင်ငံ့ စီးပွားရေးထွက်ကုန်၏ ၁၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးထားပြီး လူ ၂ သန်းကျော်ကို အလုပ်ပေးထားသော ခရီးသွားလုပ်ငန်း၏ အဓိကဆွဲဆောင်အားဖြစ်သည့် တိရစ္ဆာန်များ သေဆုံးနေမှုသည် ကင်ညာအတွက် စိုးရိမ်စရာ ဖြစ်နေသည်။

Source: Aljazeera

Photo- [Daniel Irungu/EPA]


LEAVE A REPLY

Please enter your comment!
Please enter your name here