အာရှလမ်းမကြီးပေါ်၌ အံစာတုံးကားတိမ်းမှောက်မှုဖြစ်စဥ်တွင်သေဆုံးသူ ၈ ဦး၏ ရုပ်အလောင်းများအား မနက်ဖြန်၌ ပဲခူးမြို့သို့ပြန်လည်ပို့ ဆောင်သွားမည်

0
108

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး၌ နိုဝင်ဘာ ၉ ရက်(ယနေ့)နံနက်ပိုင်းက အံစာတုံးကားဘရိတ်ပေါက်၍ တိမ်းမှောက်ခဲ့သည်။

မြဝတီမြို့ဘက်မှမောင်းနှင်လာသည့် အံစာတုံးကားသည် တောနော်ရေတံခွန်အနီးအဆင်းတွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းတားတုံးများအားကျော်၍ တိမ်းမှောက်ပြီးတရွတ်တိုက်ဆွဲကာ တောနော်ရေတံခွန်ဆိုင်းဘုတ်ကွန်ကရစ်အုတ်ခုံနှင့်ဆိုလာလျှပ်စစ်မီးတိုင်တို့အား ဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်၌ ကားမောင်းသူအပါအဝင် အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၈ ဦး)သည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့လူတွေက ထပ်တိုးသွားတယ် ဖြစ်ဖြစ်ချင်းမှာ ၄ လောင်းတွေ့တယ် အရှိန်နဲ့ကွန်ကရစ်အုတ်ခုံကိုတိုက်မိတာဆိုတော့ အုတ်ခုံကလည်းပျက်စီးပြီး အဲဒီအောက်မှာပိပြီးသေသွားတာကို ထပ်တွေ့တာပေါ့ ကားကိုတော့ ကရိန်းနဲ့မလိုက်ရတယ် ကားအောက်မှာလည်းသေနေတာကိုထပ်တွေ့တယ် အဲဒါကြောင့် အလောင်းတွေကထပ်တိုးလာတာ အခြေအနေတော်တော်ဆိုးဆိုးနဲ့သေသွားကြတာ ကားပေါ်ပါလာတဲ့လူအကုန်လုံးသေသွားတယ် ပဲခူးကလို့သိရတယ် ကားပေါ်မှာကုန်တွေလည်းပါတယ်”ဟု မြဝတီမြို့အခြေစိုက် အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်အား အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှတွေ့ရှိခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီးနောက် ကော့ကရိတ်မြို့အခြေစိုက် ပုလဲဖြူလူမှုကူညီရေးအသင်းသို့ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကလည်း မြဝတီမှာကူညီပေးဖို့လမ်းကြောင်းရှိနေတာနဲ့ ပုလဲဖြူအသင်းကိုအ ကြောင်းကြားပေးခဲ့တယ် ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတာပါ မနက်ဖြန်ကြရင်တော့ အလောင်းတွေကို ပဲခူးပြန်ပို့မှာပါ ၈ ယောက်မြောက် အမျိုး သမီးရဲ့အလောင်းကိုတော့ ကွန်ကရစ်တုံးတွေအောက်ကတွေ့တာ”ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြောသည်။

ရုပ်အလောင်းများအား ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် ဇူလိုင် ၁၀ ရက် (မနက်ဖြန်)တွင် ရုပ်အလောင်းများအား ပဲခူးမြို့ရှိ သေဆုံးသူများ၏နေအိမ်များသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo-အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here