အရှေ့တီမော ကို အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့် အသိအမှတ်ပြု

0
175

စင်္ကာပူ၊နိုဝင်ဘာ ၁၁

အရှေ့တီမောကို အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် မူအရလက်ခံရမည်ဖြစ်သည်ဟု ဖနွမ်းပင်၌ပြုလုပ်သည့်အာဆီယံထိပ်သီးအစည်းအဝေး၌ အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များက နိုဝင်ဘာ ၁၁ ရက်နေ့၌ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။တီမော၏အဖွဲ့ဝင်အပြည့်အဝဖြစ်မှုအတွက်ကိုမူ အခြေခံစံနှုန်းသတ်မှတ်ချက်များရှိလိမ့်မည်ဟု ဖော်ပြထားသည်။

အဆိုပါသတ်မှတ်ချက်များ ကိုပြည့်မီရန်လည်းကျန်အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပသက်ဆိုင်သူများအားလုံးက အာဆီယံ၌၎င်း၏အဖွဲ့ဝင်ဖြစ်မှုအတွက် လိုအပ်သောစွမ်းရည်မြှင့်တင်ရေးအကူအညီနှင့် အခြားပံ့ပိုးကူညီမှုများပေးခြင်းဖြင့် တီမောကိုအပြည့်အဝထောက်ခံအားပေးကြမည်ဖြစ်ကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

လူဦးရေ ၁ ဒသမ ၃၇ သန်းရှိသောတီမောသည် အင်ဒိုနီးရှားထံမှ ၂၀၀၂ ခုနှစ်တွင်လွတ်လပ်ရေးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ရန်တရားဝင်လျှောက်ထားခဲ့သည်။စင်္ကာပူအနေဖြင့်လည်း နောက်ဆုံးအာဆီယံအဖွဲ့ဝင်အဖြစ် တီမော၏အဖွဲ့ဝင်ဖြစ်မှုကို ကြိုဆိုကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တီမော၏စွမ်းဆောင်ရည်တည်ဆောက်ရာ၌ ကူညီနိုင်ရန်အတွက် ပြင်ပမိတ်ဖတ်များနှင့်လက်တွဲလုပ်ဆောင်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်၌ စင်္ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ထိုင်းနှင့် ဖိလစ်ပိုင်စသည့်အဖွဲ့ဝင်နိုင်ငံငါးနိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံသည်လည်းကောင်း၊၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်သည်လည်းကောင်း၊၁၉၉၇ ခုနှစ်တွင် မြန်မာနှင့်လာအိုတို့သည်လည်းကောင်း အဖွဲ့ဝင်နိုင်ငံများအသီးသီးဖြစ်လာကြပြီး ကမ္ဘောဒီးယားသည် ၁၉၉၉ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here