တရုတ်ကိုတန်ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုကအာဆီယံအားနှစ်ဆတိုးကူညီမည်

0
271

ဖနွမ်းပင်၊နိုဝင်ဘာ  ၁၂

ဒေသတွင်းအစုအဖွဲ့များအကြား တရုတ်နိုင်ငံ၏အင်အားကြီးထွားလာမှုကို တန်ပြန်ရန်ကြိုးပမ်းစဉ် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နှင့် ဆက်ဆံရေးတိုးမြှင့်ကာ အကူညီများပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း ကန်သမ္မတဂျိုးဘိုင်ဒင်ကကတိပြုခဲ့သည်။

ဝါရှင်တန်နှင့်အာဆီယံတို့သည် ၎င်းတို့၏ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ်မြှင့်တင်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုလျော့ပါးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်မည်ဖြစ်ကြောင်းကတိပြုခဲ့သည်။

သမ္မတတစ်ယောက်အနေဖြင့် အရှေ့တောင်အာရှသို့ပထမဆုံးလာရောက်သည့် သမ္မတဘိုင်ဒင်ကမူ “ ကမ္ဘာကြီးပူနွေးလာမှုမှသည် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ခြိမ်းခြောက်မှုများအထိတိုင် နှစ်ဘက်စလုံးအနေဖြင့် ပြဿနာများကိုအတူတကွကိုင်တွယ်ဖြေရှင်းမည်” ဟုဆိုသည်။

ယင်းနောက်သမ္မတကပင် ဝါရှင်တန်အနေဖြင့် အာဆီယံသို့ချဉ်းကပ်ရာတွင် အပြောချည်းသက်သက်မဟုတ်ဘဲ သက်ဆိုင်ရာအကူအညီများနှင့်ပါ ထောက်ပံ့မှုများနှင့်အတူချဉ်းကပ်ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။အိမ်ဖြူတော်က ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် အမေရိကန်သည်အာဆီယံမိတ်ဖက်များထံသို့ ကန်ဒေါ်လာသန်း ၈၆၀ ကျော်အကူအညီပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအကူအညီသည် သန့်ရှင်းသောစွမ်းအင်အသွင်ကူးပြောင်းရေး၊ပညာရေး၊ခိုင်မာသောကျန်းမာရေးစနစ်များ၊လုံခြုံမှုမြင့်မားရေးကြိုးပမ်းမှုများ၊တရားဥပဒေစိုးမိုးရေးအပါအဝင် လူ့အခွင့်အရေးနှင့်အခြားအရာများအတွက်ပါဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

အဆိုပါပမာဏသည် မေလကသမ္မတဘိုင်ဒင်နှင့်အာဆီယံခေါင်းဆောင်များ အထူးထိပ်သီးအစည်းအဝေးကျင်းပစဉ်က သမ္မတဘိုင်ဒင်ကမ်းလှမ်းခဲ့သည့် ဒေါ်လာသန်း ၁၅၀ ထက်ပိုမိုများပြားသော ပမာဏဖြစ်သည်ဟုလည်းဖော်ပြထားသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here