ကမ္ဘာ့စီးပွားရေးနှစ်ပိုင်းကွဲခြင်းအားရှောင်ကြဉ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

0
173

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်သည် အမေရိကနှင့်တရုတ်အားဝေဖန်လျက် အဆိုပါအင်အားကြီးနှစ်နိုင်ငံအားပြိုင်မှုကြောင့် ကမ္ဘာ့စီးပွားရေးနှစ်ခြမ်းကွဲသွားခြင်းမျိုးကို အဖြစ်မခံနိုင်ကြောင်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။

“အမေရိကန်ဦးဆောင်တယ်၊တရုတ်ဦးဆောင်တယ်စသဖြင့် ကမ္ဘာ့စီးပွားရေးကိုနှစ်ပိုင်းကွဲစေမယ့်အရာကို ကျွန်တော်တို့မဖြစ်မနေရှောင်ရှားရမှာဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကပြောကြားခဲ့သည်။

“ဒီလိုအကွဲအပြဲက ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို တုံ့ပြန်တဲ့နေရာမှာ ကမ္ဘာ့စွမ်းရည်ကိုထိခိုက်စေလိမ့်မယ်” ဟု လည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။အာဆီယံနိုင်ငံများသည် အဆိုပါအကွဲအပြဲကို ပေါင်းကူးပေးနိုင်သည့်အကောင်းဆုံးနိုင်ငံများဖြစ်ကြပြီး ကမ္ဘာ့နိုင်ငံများအနေနဲ့ ကမ္ဘာ့စီးပွားရေးနှင့်ကမ္ဘာ့ဈေးကွက် တစ်ခုတည်းသာရှိရမည်ဖြစ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

ထို့ပြင်ကုလသမဂ္ဂသည် မြန်မာ့အရေးနှင့်ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့သည်။ရုရှား – ယူကရိန်းအရေးကြောင့် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်နှင့်စားနပ်ရိက္ခာအကျပ်အတည်းအပါအဝင် ရာသီဥတုအရေးပေါ်အခြေအနေတို့ကိုလည်း အဆိုပါထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂသတင်းများကဖော်ပြခဲ့သည်။

“ဒီလိုရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်တွေမှာ အာဆီယံအပါအဝင်ဒေသတွင်းအဖွဲ့အစည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာပြသနာ‌ေတွကိုဖြေရှင်းတဲ့နေရာမှာ မရှိမဖြစ်လိုအပ်ပါတယ်” ဟု ဂူတာရက်စ်ကသတင်းထောက်များအားပြောကြားခဲ့သည်။

ထို့ပြင်ရာသီဥတုနှင့်ဆက်နွယ်သောဘေးအန္တရာယ်များမှ ဆုံးရှုံးနစ်နာမှုနှင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့နေရသော နိုင်ငံများအားပံ့ပိုးကူညီရန် ဘဏ္ဍာရေးသဘောတူညီချက်ရရှိရန်လည်း ခေါင်းဆောင်များအား တွန်းအားပေးဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြထားသည်။မစ္စတာဂူတာရက်စ်သည် ကမ္ဘောဒီးယားမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံဘာလီသို့သွားရောက်ပြီး G – 20 ထိပ်သီးအစည်းအဝေးတက်ရောက်မည်ဖြစ်ကြောင်းလည်းသိရှိရသည်။

Source :Mint


LEAVE A REPLY

Please enter your comment!
Please enter your name here