ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင် အသင်း နို၀င်ဘာ ၁၈ ရက်မှ စ၍ လေ့ကျင့်မှုများပြုလုပ်မည်

0
279

ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကစားရန်အတွက် မြန်မာ့လက်ရွေးစင် အသင်းသည် နို၀င်ဘာ ၁၈ ရက်မှ စ၍ လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နည်းပြချုပ် အန်တွမ်နီဟေး တာဝန်ယူထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့၌ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲနှင့် လေ့ကျင့်ရေး ခရီးစဉ်အတွက် ဆန်ခါတင် ကစားသမား ၂၅ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်သွားမည် ဟုဆိုသည်။

လူရွေးချယ်ရာတွင် နည်းပြချုပ် အန်တွမ်နီဟေးသည် ကျင်းပပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များမှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမား (၄၄)ဦးအား စုပေါင်း၍ မြန်မာ ယူ၂၃ အသင်းနှင့်အတူ နိုဝင်ဘာ ၁၉၊ ၂၁၊ ၂၃ ရက်တို့တွင် အသင်း(၄)သင်း ပတ်လည်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားသမား ၂၅ ဦး (ပြည်တွင်း) ရွေးချယ်သွားမည်ဟု သိရသည်။

အဆိုပါ ၄ သင်းပတ်လည်း ခြေစမ်းပွဲများ ကစားရာတွင် မြန်မာအသင်း လက်ထောက်နည်းပြများဖြစ်သည့် ခီမေးလ် ဟာလက်က အဝါအသင်း၊ ဦးကြည်လွင်က အစိမ်းအသင်း၊ ဦးအောင်ကျော်မိုးက အနီအသင်း တို့ကိုတာဝန်ယူပြီး ယူ၂၃ အသင်းအတွက် ဗီလစ်ဇာ ပိုပေါ့က တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လေးသင်းပတ်လည် ခြေစမ်းပြီးနောက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၂၅ ဦးနှင့် ပြည်ပ ထွက်ကစားနေသည့် ကစားသမားများအား စုစည်း၍ ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် လေ့ကျင့်နေစဉ်အတွင်း ထိုင်းလက်ရွေးစင် အသင်းနှင့်လည်းကောင်း၊ ထိုင်းလိဂ်အသင်းများနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကာ မကြာမီ ယှဉ်ပြိုင်ရမည့် AFF MITSUBSHI ELECTRONIC CUP 2022 အတွက်ပါ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်‌ေကြာင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here