မြန်မာ – အိန္ဒိယ နားလည်မှုစာချွန်လွှာအရ ပထမနှစ်အတွက် အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း နေအိမ်အလုံး ၂၅၀ ဆောက်လုပ်ပေးခဲ့ဟုဆို

0
198

မြန်မာ – အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU) အရ  ပထမနှစ်အတွက် အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း နေအိမ်အလုံး ၂၅၀ ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

နို၀င်ဘာ ၁၈ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ – အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU)  အရ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 မြန်မာ – အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU) အရ အိန္ဒိယနိုင်ငံအစိုးရက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်အတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ပေးမည်ဖြစ်၍ ပထမနှစ်အတွက် အိန္ဒိယနိုင်ငံအစိုးရက ရခိုင် ပြည်နယ်အတွင်း နေအိမ်အလုံး ၂၅၀ ဆောက်လုပ််ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒုတိယနှစ်အတွက် စီမံကိန်းလုပ်ငန်း ၁၃ ခုမှာလည်း သဘောတူညီချက် ရရှိပြီးဖြစ်ကာ ဝန်ကြီးဌာနက စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် (၄)ဆင့် သတ်မှတ်ဖော်ထုတ်ထားပြီး သက်ဆိုင်ရာ ဌာနများက စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိိကြောင်း ပြည်ထောင်စု၀န်ကြီးကပြောသည်။

ထို့နောက် အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Jitendra Rawat က နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ယခုလို ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးလျက်ရှိရာ စီမံကိန်းရန်ပုံငွေများသုံးစွဲရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်သော စီမံကိန်းများ ထည့်သွင်းဆောင်ရွက်စေလိုကြောင်း၊ အဆိုပြုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး အသေးစိတ်အချက်အလက်များရရှိသည်နှင့် တစ်ပြိုင်နက် အိန္ဒိယနိုင်ငံအစိုးရသို့ ချက်ချင်းပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Jitendra Rawat နှင့် Liaison Officer Mr. Gautam Pandey ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက Online မှ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here