ရုရှားနိုင်ငံမှ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့်လေအားလျှပ်စစ်စက်ရုံများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံမည်

0
278

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးသောင်းဟန်သည် နိုဝင်ဘာ ၁၉ ရက်က Stavropol Region အတွင်းရှိ Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Barsuchkovskaya အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိလာသည့် ပြည် ထောင်စုဝန်ကြီးအား စက်ရုံမှူးနှင့်တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံအကြောင်းနှင့်စက်ရုံလည်ပတ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင် ပြခဲ့ကြသည်။

Barsuchkovskaya အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ Stavropol တူးမြောင်းကြီး တစ်လျှောက်၌ ဓာတ်အားပေးစက်ရုံ ၁၁ ရုံအား ဆင့်ကဲ(Cascade)တည်ဆောက်ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ်၊ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့သည်။

တပ်ဆင်အင်အားမှာ 5.25 MW ဖြစ်ကာ ဓာတ် အားစနစ်အတွင်းသို့ 35 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ဓာတ်အားပို့လျက်ရှိပြီး ဓာတ်အားပေး ၁၁ ရုံ၏ တပ်ဆင်အင်အားမှာ 481.8 MW ဖြစ်ပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အ ကျိုးရှိစွာတူးမြောင်းတစ်လျှောက်ဆောက်လုပ်ထား၍ ယင်း ကုမ္ပဏီမှ ရေအရင်းအမြစ်ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် Kochubeevskaya WPP လေအားလျှပ်စစ်စက် ရုံ၌ စက်ရုံဧရိယာအတွင်းတည်ဆောက်တပ်ဆင်ထားသည့် လေအားလျှပ်စစ်ဆိုင်ရာတည်ဆောက်ထားရှိမှု၊ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင် ရွက်ထားရှိမှုတို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။

Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံသည် Stavropol Region တွင်ရှိကာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ လည်ပတ်မောင်းနှင်ခဲ့ပြီး Wind Turbines ပေါင်း ၈၄ တိုင်ရှိ၍ တစ်တိုင်လျှင် 2.5 MW ရှိပြီး စုစုပေါင်းတပ်ဆင်အင်အား 210MW ဖြစ်ကာ တစ်နှစ်လျှင် ယူနစ်သန်းပေါင်း ၆၀၀ ခန့်ထုပ်လုပ်၍ ဓာတ်အားစနစ်အတွင်းသို့ 330 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ပို့လျက်ရှိသည်။

စက်ရုံအား ဧက ၁၆၀ အကျယ်အဝန်းတွင် တည်ဆောက်ထားရှိပြီး တာဝါတိုင်တစ်တိုင်၏အမြင့်မှာ ၁၅၀ မီတာရှိကာ တာဝါတိုင် Blade မှာ မီတာ ၅၀ စုစုပေါင်းအလေးချိန် တန် ၃၂၀ ဖြစ်သော် လည်း တည်ဆောက်တပ်ဆင်ရာတွင် လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်၍ မြန်မာနိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here