MFF Futsal Championship 2022 ဗိုလ်လုပွဲအ ပြီးတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်၌ထိန်းသိမ်းမှုအား နည်းခဲ့သည့် MIU FC အသင်းအား ဒဏ်ကြေးငွေကျပ်သိန်း ၃၀ ပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်

0
339

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်း သိမ်းရေးကော်မတီက ကျင်းပပြီးစီးခဲ့သည့် MFF Futsal Championship 2022 ဗိုလ်လုပွဲအပြီးဖြစ် ရပ်များအား ကြည့်ရှု့စစ်ဆေး၍ ပြစ်ဒဏ်များချ မှတ်ခဲ့ခြင်းဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ကာ ပြိုင်ပွဲတာဝန်ကျသူများ၏ အစီရင်ခံစာများ၊မှတ်တမ်းတင်ဗီဒီယိုနှင့်ဓာတ်ပုံများအား အကြိမ်ကြိမ် ကြည့်ရှုသုံးသပ်ခဲ့ကြသည်။

ထို့ပြင် ပြိုင်ပွဲကြီးကြပ်သူ၊ဒိုင်ကြီးကြပ်သူ၊ဒိုင်လူ ကြီးများအား ခေါ်ယူတွေ့ဆုံမေးမြန်းခြင်းများကိုလည်းပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဖြစ်စဉ်အပေါ်တွင် ထိန်းသိမ်းမှုအားနည်းခဲ့သည့် MIU FC အသင်းအား ဒဏ်ကြေးငွေကျပ် သိန်း ၃၀ ပေးဆောင်စေကာ နောက်နောင် ယခုကဲ့သို့ ထပ်မံဖြစ်ပွားပါက အသင်းအားလိဂ်ပြိုင်ပွဲများမှ ထုတ်ပယ်သွားမည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဖြစ်စဥ်တွင်ပွဲကြည့်စင်မှ ဆင်းလာကာ တာဝန်ကျဒိုင်လူကြီးများနှင့်ပွဲကြည့်ပရိသတ် တစ်ဦးအား လိုက်လံရိုက်နှက်ခဲ့သည့် MIU FC အသင်းမှ ကစားသမားဟောင်း ဦးမောင်မောင်ဇော်အား ယခင်ပြစ်ဒဏ်ဟောင်းများကျခံခဲ့ဖူးသူဖြစ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ကြီးကြပ်ခွင့်၊ပြိုင်ပွဲ ကြည့်ရှုခွင့်များအား ရာသက်ပန်ပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့ပြင် ပွဲကြည့်စင်မှဆင်းလာကာ တာဝန်ကျဒိုင် လူကြီးများကို လိုက်လံထိုးကြိတ်ခဲ့သည့် MIU FC အသင်းမှ ကစားသမားဟောင်းဦးအောင်သူနှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာပစ္စည်းများအားဖျက် ဆီးခဲ့သည့် ပရိသတ်ဖြစ်သူ မောင်ဖြိုးလင်းထက် တို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ပြိုင်ပွဲကြည့်ရှု့ခွင့်များအား ရာသက်ပန်ပိတ်ပင်ခဲ့သည်။

ဒိုင်လူကြီးများနှင့်ပရိသတ်များအား ထိုးကြိတ်ခဲ့သည့် MIU FC အသင်းမှ လက်ထောက်နည်းပြဦးဥက္ကာကျော်၊ကစားသမားများဖြစ်သည့် ညီညီစံနှင့်သီဟသူ တို့ကိုလည်း ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ကြီးကြပ်ခွင့်၊ပြိုင်ပွဲကြည့်ရှုခွင့်များအား ဘောလုံးရာသီ(၃) ရာသီ ပိတ်ပင်ခဲ့သည်။

MIU FC ၏ကစားသမားများဖြစ်သည့် ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ ခင်ဇော်လင်းနှင့်စိုင်းပြုံးအောင် တို့အား ကစားခွင့်၊ကြီးကြပ်ခွင့်၊ပြိုင်ပွဲကြည့်ရှု့ခွင့်၊လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခြင်း၊ပြည်ပထွက်ကစားခွင့်များအား ဘောလုံးရာသီ ၂ ရာသီပိတ်ပင်ခဲ့သည်။

ဖြစ်စဉ်အစ၌ ဒိုင်လူကြီးထိုင်သည့် ထိုင်ခုံအလွတ်အားကန်၍ ရိုက်နှက်ရန်ရွယ်ခဲ့သည့် MIU FC အ သင်းမှကစားသမား ချမ်းသာကိုလည်း မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှု့ခွင့်၊ လက်ရွေးစင်ကစားသမားအဖြစ် ရွေး ချယ်ခြင်း၊ပြည်ပထွက်ကစားခွင့်များအား ဘောလုံးရာသီ ၁ ရာသီပိတ်ပင်ခဲ့သည်။

ထို့ပြင် MIU FC အသင်းမှကစားသမား ခင်ဇော်လင်းသည် ဖြစ်စဥ်၌ပါဝင်ခဲ့သဖြင့် ပေးအပ်ချီးမြှင့်ထားသည့် ပြိုင်ပွဲတွင်အကောင်းဆုံး ကစားသမားဆုကိုလည်း ပယ်ဖျက်ခဲ့သည်၊

ထို့ပြင် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြိုင်ပွဲကျင်းပရေးကော်မတီအား နောက်နောင် ပြိုင်ပွဲများကို ပိုမိုတင်းကြပ်စွာစနစ်တကျ စီစဉ်ဆောင်ရွက်ရန်၊ပြိုင်ပွဲတာဝန်ကျ ဒိုင်လူကြီးများ ၏ တာဝန်ထမ်းဆောင်ခဲ့မှုများအား ဒိုင်ကော်မတီမှဆန်းစစ်သုံးသပ်၍ စည်းကမ်းထိန်းသိမ်းရေး ကော်မတီနှင့်ပြိုင်ပွဲကျင်းပရေးသို့ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။

MFF Futsal Championship 2022 ပြိုင်ပွဲအား ရန်ကုန်နှင့်မန္တလေးတို့မှ ပြိုင်ပွဲဝင် ၁၈ သင်းဖြင့် နိုဝင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် VUC FC အသင်းက MIU FC အသင်းအား အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here