တွေ့ရာနေရာမှာ ထိုးသတ်မည်ဟု သတိပေးခဲ့သည့် မက္ကဆီကို လက်ဝှေ့ကျော်က မက်ဆီအား ပြန်လည်တောင်းပန်လာ

0
210

ထိပ်တန်း မက္ကဆီကို လက်ဝှေ့သမား ကာနယ်လို အဲလ်ဗ‌ရေသည် ပြီးခဲ့သည့်အပတ်က လီယွန်နယ် မက်ဆီအား သူ၏နိုင်ငံအပေါ် မလေးမစား လုပ်သည်ဟူ၍ စွပ်စွဲခဲ့သည့်အပေါ် တောင်းပန်စကား ပြန်လည် ပြောကြားခဲ့သည်။

“ပြီးခဲတဲ့ ရက်အနည်းငယ်က ကျွန်တော်ဟာ နိုင်ငံအပေါ် ချစ်တဲ့စိတ်ကြောင့် စိတ်မထိန်းနိုင်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း‌ပြောမိခဲ့ပါတယ်၊ ဒါကြောင့် မက်ဆီနဲ့ အာဂျင်တီးနား ပြည်သူတွေကို ပြန်လည် တောင်းပန်ချင်ပါတယ်၊ ကျွန်တော်တို့ဟာ နေ့တိုင်း ဘဝကပေးတဲ့ သင်ခန်းစာအသစ်တွေ သင်ယူရပြီး ဒီတစ်ခါ သင်ယူရတဲ့သူကတော့ ကျွန်တော်‌ပေါ့။” ဟု အဲလ်ဗ‌ရေက ဗုဒ္ဓဟူးနေ့တွင် ဆိုရှယ်မီဒီယာပေါ်၌ တောင်းပန်စကား ရေးသားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ပြီးခဲသည့်အပတ် စနေနေ့က ယှဉ်ပြိုင်ခဲ့သော အာဂျင်တီးနားနှင့် မက္ကဆီကို ပွဲစဉ်တွင် အာဂျင်တီးနားက ၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ပြီးနောက် စတင်ခဲ့သည်။ ပွဲအပြီး အနားယူခန်း၌ အောင်ပွဲခံနေစဉ် ကြမ်းပြင်ပေါ်၌ ရှိနေသော မက္ကဆီကို ဘောလုံးဂျာစီကို ကန်မိသလို ဖြစ်သွားသည့် မက်ဆီ၏ ဗီဒီယိုမှာ ဆိုရှယ်မီဒီယာအပေါ် ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် အဲလ်ဗ‌ရေက မက်ဆီအား မိမိနိုင်ငံအပေါ် မလေးမစားလုပ်သည်ဟု စွပ်စွဲကာ သူနှင့် မတွေ့ဆုံမိရန် ဘုရားသခင်ထံတွင် ဆုတောင်းနေသင့်ကြောင်း သတိပေးစကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဲလ်ဗ‌ရေ ကထိုသို့ ပြောပြီး နောက် မက်ဆီ၏ ပရိသတ်တစ်ဦးဖြစ်သည့် လက်ဝှေ့ကျော်ဟောင်း မိုက်တိုင်ဆန်က မက်ဆီကို ထိပါက ကြိုးဝိုင်းအတွင်း ပြန်ဝင်ရလိမ့်မည်ဟူ၍ မက္ကဆီကို လက်ဝှေ့သမားအား ပြန်လည် သတိပေးခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here