မြန်မာနိုင်ငံပြင်ပတွင် လေနွေးများနှင့်လေအေးများထိတွေ့မှုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ချိန်ခါမဟုတ်မိုးရွာသွန်းမှုများဖြစ်ပေါ်မည်ဟု မိုးဇလထုတ်ပြန်

0
445

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ဒီဇင်ဘာ ၄ ရက်အထိ ချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေနွေးများနှင့်တ ရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသောလေအေးများတွေ့ဆုံမှုကြောင့်ဖြစ်သည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းမည်ဟု သိရသည်။

နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း နေရာကျဲကျဲမိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးထုတ်ပြန်ထားသည်။

မိုးရွာသွန်းချိန်၌ မိုးထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်၍ ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့အတူ မြန်မာ့ပင်လယ်ပြင်တွင်လည်း လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ပေခန့် အထိရှိနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here