မြန်မာ့ကော်ဖီဈေးကွက်ရရှိရေးနှင့် ချေးငွေများထုတ်ချေးပေးနိုင်ရန်စီမံပေးမည်ဟု နစက ဥက္ကဋ္ဌဆို

0
250

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်ဖီသည် နှစ်ရှည်သီးနှံတွင်ပါရှိပြီး ကမ္ဘာနှင့်အဝန်းသောက်သုံးကြသည့် ဈေးကွက်ရှိသော သီး နှံတစ်ခုဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ပါက တိုင်းပြည်အတွက် ဒေသအတွက်အကျိုးရှိမည့် လုပ်ငန်းဖြစ်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လိုအပ်၍ ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင်လုပ် ဆောင်စေလိုသည်ဟု ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧက ၄၉၀၀၀ ခန့်ရှိပြီး တစ်ဧကအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ပါကရရှိလာသည့် အကျိုးအမြတ်လည်း ကွာခြားသွားမည်ဟု ဆိုသည်။

“စိုက်ဧကတိုးချဲ့တာထက် အထွက်နှုန်းတိုးတက်အောင်လုပ်တာကို ပိုပြီးအားပေးလိုပါတယ် အထွက်နှုန်းတွေ တိုးတက်လာရင် ကော်ဖီကရတဲ့ ငွေကြေးတွေတိုးတက်လာမှာဖြစ်ပြီး စိုက်ပျိုးတောင်သူတွေရဲ့ တစ်ဦးချင်းဝင်ငွေတွေလည်း တိုးတက်လာမှာဖြစ်သလို နိုင်ငံ့ဝင်ငွေလည်းတိုးတက်လာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကော်ဖီထွက်ကုန်များအား ပြည်ပသို့တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေများ တိုးတက်လာမည်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကာ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန် ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

“မြန်မာ့ကော်ဖီဈေးကွက်ရရှိဖို့ မိမိအနေနဲ့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် နောက်ပြီး ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်ရရှိဖို့အတွက် ကြော်ငြာတာကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဈေးကွက်လိုအပ်ချက်ပြည့်မီနိုင်ရန် ထုတ်လုပ်မှုများအား အရည်အသွေးပြည့်မီစွာထုတ်လုပ်ရန်လိုကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့တင်ပို့မှုအတွက်ပါ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်လိုပြီး GAP နှင့် ISO လက်မှတ်များလည်းရရှိအောင် လုပ်ရန်လိုအပ်မည်ဟု ဆိုသည်။

ချေးငွေနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများထက် သက်သာသည့် အတိုးနှုန်းထားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ပေးရန် ဆောင်ရွက်လျက်ရှိကာ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း ထိုက်သင့်သည့် အ တိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးပေးသွားမည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here