ပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးရန်လမ်းဖွင့်ထား

0
196

မော်စကို၊ဒီဇင်ဘာ ၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားခေါင်းဆောင်နှင့်စကားပြောရန်ပြင်ဆင်ထားကြောင်းပြောကြားပြီးနောက် သမ္မတပူတင်က ယူကရိန်းပဋိပက္ခအတွက် ပြေလည်မှုရရှိနိုင်မည့် ဆွေးနွေးရေးလမ်းအားဖွင့်ထားပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည်ဟုယုံကြည်ကြောင်း ခရင်မလင်နန်းတော်ကပြောကြားခဲ့သည်။

ယူကရိန်းစစ်ကိုအဆုံးသတ်ရန်တစ်ခုတည်းသောနည်းလမ်းမှာ ပူတင်၏တပ်များကိုဖယ်ရှားရန်ဖြစ်ပြီး သမ္မတပူတင်အနေဖြင့် ပဋိပက္ခကိုအဆုံးသတ်ရန်ကြိုးစားလိုပါက ဆွေးနွေးစကားပြောရန်အဆင်သင့်ရှိနေသည်ဟု သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည်။

ခရင်မလင်ပြောရေးဆိုခွင့်ရှိသူမစ္စတာ Dmitry Peskov အားမေးမြန်းရာတွင် သမ္မတပူတင်အနေဖြင့်ဆွေးနွေးညှိနှိုင်းရန်အမြဲရှိနေသော်လည်း ယူကရိန်းမှတပ်များကိုဆုတ်ပေးရန်အစီအစဉ်မရှိဟုပြောကြားခဲ့သည်။ယူကရိန်းသို့အထူးစစ်ရေးစစ်ဆင်မှုပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ နောင်တရစရာအကြောင်းလည်းမရှိဟု ပူတင်ကပြောကြားခဲ့သည်။

အနောက်အုပ်စုနှင့်ယူကရိန်းကမူ ယခုလုပ်ရပ်သည် နယ်ချဲ့သိမ်းပိုက်မှုပုံစံသာဖြစ်ပြီး ယူကရိန်းဘက်မှလည်း လက်လျှော့မည်မဟုတ်ဘဲ ရုရှားစစ်သားတစ်ယောက်မကျန်ကို ယူကရိန်းမှနှင်ထုတ်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုဆိုခဲ့သည်။

ရုရှားဘက်မှလည်း ဆိုဗီယက်ခေတ်အလွန်ယူကရိန်းပိုင်နက်၏ငါးပုံတစ်ပုံကို တောင်းဆိုထားပြီး ညှိနှိုင်းမည်ဟုဆိုသော်လည်း အနောက်အုပ်စုနှင့်ယူကရိန်းဘက်မှ လက်ခံနိုင်စရာအကြောင်းမရှိဟုဆိုသည်။

အမေရိကန်နှင့်ယူကရိန်းဘက်မှ ရုရှားတပ်များဆုတ်ပေးရန်သာ တွင်တွင်တောင်းဆိုနေသကဲ့သို့ ရုရှားဘက်မှလည်း တပ်မဆုတ်ပေးနိုင်ပဲတောင်းဆိုမှုအားလက်မခံပါက စစ်ဆင်ရေးသာဆက်လုပ်မည်ဟု ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ယခုပဋိပက္ခကြောင့် နှစ်ဖက်အထိအခိုက်အကျအဆုံးများခဲ့ပြီး တပ်သားသောင်းနှင့်ချီသေဆုံးခဲ့သည်ဟုလည်းသိရှိရသည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here