တိရစ္ဆာန်မျက်လုံးများပါဝင်သည့်ပါဆယ်များ ဥရောပရှိယူကရိန်းသံရုံးများထံရောက်ရှိလာဟုဆို

0
259

ကိဗ်၊ဒီဇင်ဘာ ၂

ဥရောပခြောက်နိုင်ငံရှိ ယူကရိန်းသံရုံးများနှင့်ကောင်စစ်ဝန်ရုံးများသည် တိရစ္ဆာန်မျက်လုံးများပါဝင်သည့် ပါဆယ်ထုပ်များကို မကြာသေးမီရက်ပိုင်းအတွင်းကရရှိခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ဒီဇင်ဘာလ ၂ ရက်နေ့ကပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မစ္စတာ အောလိခ်နီကိုလန်ကို၏ပြောကြားမှုအရ သွေးစွန်းနေသောပါဆယ်ထုပ်များကို ဟန်ဂေရီ၊နယ်သာလန်၊ပိုလန်၊ခရိုအေးရှား၊အီတလီနှင့် အီတလီနိုင်ငံ နေပယ်မြို့ရှိ ကောင်စစ်ဝန်ရုံး၊ပိုလန်နိုင်ငံ ခရာကိုမြို့နှင့် ချက်ရီပတ်ဘလစ်နိုင်ငံမှ ဘူနိုမြို့ရှိကောင်စစ်ဝန်ရုံးများကလည်း လက်ခံရရှိခဲ့ကြောင်းသိရှိရပြီး ၎င်းတို့အနေဖြင့်လည်း ယခုပါဆယ်ထုပ်၏ အဓိပ္ပာယ်အားသိရှိနိုင်ရန်ရှာဖွေစုံစမ်းနေသည်ဟုဆိုသည်။

ယခုပါဆယ်ထုပ်များသည် မက်ဒရစ်မြို့ရှိယူကရိန်းသံရုံးသို့ ဖောက်ခွဲရေးပစ္စည်းပါဝင်သည့် ပါဆယ်ထုပ်ရောက်ရှိလာပြီး ဝန်ထမ်းတစ်ဦးအားထိခိုက်စေခဲ့သည့် ဖြစ်စဉ်အပြီး၌ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်း မစ္စတာ နီကိုလန်ကိုကပြောကြားခဲ့သည်။

ထို့ပြင်ဗာတီကန်ရှိ ယူကရိန်းသံအမတ်ကြီး၏နေအိမ်ဝင်ပေါက်လည်းဖျက်ဆီးခံခဲ့ရပြီး ကာဇက်စတန်ရှိသံရုံးကိုလည်း ဗုံးဖောက်ခွဲရန်သတိပေးထားပြီး အတည်မပြုနိုင်သေးကြောင်းကိုလည်း မစ္စတာနီကိုလန်ကိုကပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်များကြောင့် ယူကရိန်းသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများအားလုံးသည် လုံခြုံရေးအစီအမံများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကမူ ယူကရိန်းသံရုံးများနှင့်ကောင်စစ်ဝန်ရုံးများအား အကြမ်းဖက်မည့်အစီအစဉ်နှင့်ခြိမ်းခြောက်မှုများလုပ်လာမည့် ရှေ့ပြေးနိမိတ်ဖြစ်နိုင်သည်ဟုလည်းဆိုခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here